ကျန်းမာရေး အထူးစိုးရိမ်ရတဲ့ နိုင်ငံရေးအကျဉ်းသား အမြန်ဆုံးလွှတ်ပေးဖို့ AAPP တောင်းဆို

ကျန်းမာရေး အထူးစိုးရိမ်စရာ ဖြစ်နေတဲ့ နိုင်ငံရေးအကျဉ်းသား ၃ ယောက်ကို အမြန်ဆုံးလွှတ်ပေးဖို့ ထိုင်း မြန်မာနယ်စပ်အခြေစိုက် AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက တောင်းဆိုလိုက်ပါတယ်။

2012.05.23
aapp-wintin-305 နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း AAPP ရုံးအတွင်း ချိတ်ဆွဲထားသော ပုံ ဖြစ်ပါသည်။
RFA

အဲဒီ ၃ ယောက်ကတော့ အင်းစိန်ထောင်မှာ သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဖြိုးဝေအောင်၊ တသက်တကျွန်း ချမှတ်ခံထားရတဲ့ ကိုဆန်နီ ခေါ် ကိုစံရှားနဲ့ ဘူးသီးတောင်ထောင်မှာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရတဲ့ ဦးမရ (ဦးမြ) တို့ ဖြစ်ပါတယ်။

အကျဉ်းထောင်ထဲ ကျန်းမာရေးချို့တဲ့နေသူကို အချိန်မီ ပြန်မလွှတ်ပေးတဲ့အတွက် ထောင်တွင်း အသက်ဆုံးရှုံးရတဲ့သူတွေ ရှိခဲ့သလို၊ ထောင်ကလွတ်ပြီး မကြာခင် သေဆုံးရသူတွေလည်း ရှိခဲ့တဲ့အတွက် အခုလိုတောင်းဆိုရတာ ဖြစ်တယ်လို့ AAPP တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

" သူ့မိသားစုရဲ့ပြောပြချက်တွေအရ ကိုဖြိုးဝေအောင်ရဲ့ ကျန်းမာရေးအခြေအနေအရ အတော်ဆိုးဝါးတယ်။ လပိုင်းအတွင်း အသက်ဆုံးရှူံးသွားနိုင်တယ်။ နောက်အဲဒီလိုပဲ ကျွန်တော်တို့ တချက်တွေ့ရတာ ဆန်နီ ခေါ် စံရှားတို့၊ တခြားရခိုင်က အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ ဦးမရတို့ ဒီနှစ်ယောက်ကလည်း ကျန်းမာရေး အခြေအနေ တော်တော်ဆိုးနေတာကို တွေ့ရတယ်။ အရင်တုန်းကလည်း ထောင်ထဲမှာ အဲဒီလိုပဲ ကင်ဆာဝေဒနာ ခံစားရတာတွေရှိတယ်။ ရှိပြီးတော့ခါကျတော့ ထောင်ကထွက်ပြီး တော့ ၁ လလောက်အတွင်းမှာ၊ ဒါမှမဟုတ် ၂ ပတ်လောက်အတွင်းမှာ၊ ၂ လလောက်အတွင်းမှာ သေသွားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်းရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကလည်း ဒီလူတွေရဲ့ ကျန်းမာရေး အခြေအနေတွေကို အတော်လေးတော့ စိုးရိမ်တယ်။ အဲဒီလိုမျိုးကြောင့် ဒီလူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ မေတ္တာရပ်ခံ တောင်းဆိုတာ ဖြစ်ပါတယ်"

ဒီစာကို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အပါအဝင်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် အစိုးရတွေဆီကို ပေးပို့လိုက်တယ်လို့ ပြောပါတယ်။

ထောင်ထဲမှာ အသည်းကင်ဆာ ရောဂါခံစားနေရတဲ့ ကိုဖြိုးဝေအောင်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကို AHRC ခေါ် အာရှလူ့အခွင့်အရေး ကော်မရှင်ကလည်း ဒီနေ့ တိုက်တွန်းတောင်းဆို လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၄၀၀ ကျော် ကျန်နေသေးတယ်လို့ ပြည်တွင်း၊ ပြည်ပနိုင်ငံရေး အကျဉ်းသားဆိုင်ရာအဖွဲ့တွေက ပြောဆိုကြပါတယ်။

၂၀၁၀ သြင်္ကန်တွင်းမှာ X2O မဏ္ဍပ်ဗုံးခွဲမှုနဲ့ စွပ်စွဲခံရပြီး သေဒဏ်ချမှတ်ခံလိုက်ရတဲ့ ကိုဖြိုးဝေအောင်ဟာ အသည်းကင်ဆာရောဂါနဲ့ နောက်ဆုံးအဆင့် ရောက်နေပြီလို့ မိသားစုကနေ တဆင့်သိရပါတယ်။

ဒါနဲ့ ပတ်သက်လို့ ကိုဖြိုးဝေအောင်ရဲ့ ဇနီး မဌေးဌေးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။