နိုင်ငံရေး အကျဉ်းသားဟောင်းတွေအပေါ် ကန့်သတ်ချက်တွေ ရုပ်သိမ်းဖို့ အမေရိကန် တိုက်တွန်း
2012.02.24
မြန်မာပြည်မှ နိုင်ငံရေးအကျဉ်းသားများ၏ ဓာတ်ပုံနှင့် မှတ်တမ်းများကို ထိုင်းမြန်မာနယ်စပ်၊ မဲဆောက်မြို့ အခြေစိုက် မြန်မာနိုင်ငံ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ ရုံးတွင် ပြသထားပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
ဒီကိစ္စနဲ့ပတ်သက်လို့ မကြာသေးခင်က ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် နိုင်ငံသားအားလုံးရဲ့အခြေခံ လွတ်လပ်ခွင့်တွေကို အစိုးရ အာဏာပိုင်တွေ
အကာအကွယ်ပေးဖို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တိုင်းရင်းသားအဖွဲ့တွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ မိမိတို့ တိုက်တွန်းကြောင်း
အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာ့ခ် တုန်နာ (Mark Toner) က ပြောပါတယ်။
မြန်မာအစိုးရဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ နိုင်ငံရေး အကျဉ်းသားတချို့ကို လွှတ်ပေးခဲ့ပေမယ့် ခြွင်းချက်မရှိ လွှတ်ပေးတာ မဟုတ်ဘဲ နောက်တစ်ကြိမ် အဖမ်းခံရတဲ့အခါ
အခုကျန်နေတဲ့ ပြစ်ဒဏ်တွေ ပြန်ခံရမယ်ဆိုတဲ့ အချက်နဲ့ လွှတ်ပေးတာလို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြကြပါတယ်။
မြောင်းမြထောင်က ပြန်လွတ်လာတဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုဦးဆောင် ဆရာတော်တစ်ပါးဖြစ်သူ အရှင်ဂမ္ဘီရကိုလည်း သံဃမဟာနာယကရဲ့အဆုံးအမကို မနာခံတဲ့အတွက်
အစိုးရအာဏာနဲ့ အရေးယူတော့မယ် ဆိုတဲ့အကြောင်း သတင်းစာတွေမှာ အတိအလင်း ကြေညာခဲ့ပါတယ်။









