နိုင်ငံရေး အကျဉ်းသားကို အာဏာပိုင်တွေက ရိုက်နှက်
2012.08.01
ထောင်ပြောင်းလိုက်တဲ့ သူတွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေဖြစ်တဲ့ စစ်တွေထောင်က ကိုအောင်သူနဲ့ ဘူးသီးတောင်ထောင်က ကိုအေးမင်းဖြိုးတို့ ပါလာတာလို့ သိရပါတယ်။ အင်းစိန်ထောင် အရောက် မှာ ကိုအောင်သူဆီက ပစ္စည်းတွေကို ထောင်အာဏာပိုင်တွေက သိမ်းယူတဲ့အတွက် မသိမ်းဖို့ ပြောတဲ့အခါမှာ အရိုက်ခံရတာလို့ ကိုအောင်သူရဲ့ ဖခင် ဦးကျော်သင်းက RFA ကိုပြောပါတယ်။
"သူတို့ပါလာတဲ့ ပစ္စည်းတွေ သိမ်းတယ်တဲ့။ အဲဒီသိမ်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်မလဲလို့ အဲဒီလိုပြောတော့ သူ့ကို လက်ထိပ်ခတ်ပြီးတော့ ရိုက်တယ်လို့ ပြောတယ်ဗျ။ ဦးစီးအရာရှိ ဦးမောင်မောင်ကြီးတဲ့။ သူ့အဖွဲ့တွေနဲ့ ရိုက်တာတဲ့။ အမေတွေ၊ နှမတွေလည်း မခံနိုင်ဘူးတဲ့၊ ဆဲတာတဲ့။ ပြီးတော့ လက်ကြောမတင်းလို့ နိုင်ငံရေး လုပ်စားတဲ့ ကောင်တွေ လို့လည်း ပြောတယ်တဲ့။ သူတို့ မနေ့က ကြယ်ငါးပွင့် သင်္ဘောနဲ့ စစ်တွေကနေ ပြောင်းလာတာလေ။ သူတို့ လူ ၁၇၀ ကျော်၊ အမျိုးသမီးက ၁၅ ယောက်ပဲ ပါတယ်လို့ ပြောတယ်။ သူတို့ တစ်ညအိပ်ပြီးတော့ သာယာဝတီကို ရွေ့တယ်လို့ ပြောတယ်"
ကိုအောင်သူဟာ ဥပဒေ ကျောင်းသား တစ်ဦးဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ အဖမ်းခံလိုက်ရတာပါ။ အဲဒီနောက် နယ်စပ်ဖြတ်ကျော်ပုဒ်မ၊ မတရားသင်း ဆက်သွယ်မှုပုဒ်မ၊ ဖောက်ခွဲရေးပုဒ်မ စတဲ့ ပုဒ်မ ၃ ခုအတွက် ကိုအောင်သူကို ၂၀၀၉ ခုနှစ်ထဲမှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရတာလို့ ဖခင်ဖြစ်သူက ပြောပါတယ်။
ကိုအေးမင်းဖြိုးကလည်း ကိုအောင်သူနဲ့ အမှုတွဲဖြစ်ပြီး သူ့ကိုတော့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ထားတယ်လို့ သိရပါတယ်။