နိုင်ငံရေးအကျဉ်းသား ၂ဝ လွတ်မြောက်

မြန်မာအစိုးရက ပြစ်ဒဏ် လွတ်ငြိမ်းခွင့်နဲ့ ဒီကနေ့ လွှတ်ပေးလိုက်တဲ့ မြန်မာနိုင်ငံသား အကျဉ်းသား (၄၆) ဦးထဲမှာ နိုင်ငံရေး အကျဉ်းသား (၂၀) ကျော် ပါဝင်ကြောင်း သိရပါတယ်။

2012.07.03
prisoners-released-070312-b305 ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က ပြစ်ဒဏ် လွတ်ငြိမ်းခွင့်နှင့် လွှတ်လာသည့် နိုင်ငံရေးအကျဉ်းသားများ
RFA

တရားမဝင် ပုံနှိပ်ထုတ်ဝေမှု၊ စာရွက်စာတမ်း ဖြန့်ချိမှုနဲ့ ၁၉၉၈ ခုနှစ်မှာ ထောင်ဒဏ် (၅၉) နှစ်ကျခံရသူ ကိုအေးအောင်က ကလေးမြို့ အကျဉ်းထောင်ကနေ သူ ပြန်လည် လွတ်မြောက်လာပုံကို အခုလို ပြောပါတယ်။

"ကျွန်တော် ၁၄ နှစ်ပြည့်ဖို့ ၂ လပဲ လိုတော့တယ်ခင်ဗျ။ ဇွန်လ ၂၀ ရက်နေ့မှာ ကျွန်တော်ကိုလာပြီးတော့မေးတယ်။ ခင်ဗျား အမှုတွဲတွေ ဘယ်နှစ်ယောက် ရှိသလဲ၊ ခင်ဗျားအမှုတွဲတွေ ဘယ်သူတွေလဲ မေးတဲ့အခါကျတော့၊ ကျွန်တော်က ၆၈ ယောက် ရှိပါတယ်။ ၂၀ လောက်မှတ်မိတာကို ကျွန်တော်ရေးပေးလိုက်တယ်။ အပြင်မှာလည်း ကျွန်တော့် သူငယ်ချင်းတွေက ကျွန်တော့်ကို ဝိုင်းပြီးတော့ တောင်းဆိုနေကြတယ် ဆိုတဲ့သတင်းတွေလည်း ကျွန်တော် ကြားရတဲ့ အခါကျတော့ ကျွန်တော် မကြာခင်မှာ လွှတ်တော့မှာပဲလို့ ကျွန်တော် ခန့်မှန်းလို့ ရပါတယ်။ ကျွန်တော့်ကို လာပြောတာကတော့ မနက်ပိုင်းမှာပေါ့နော်။ ကျွန်တော်ကို လွှတ်ဖို့၊ မနက်ကတည်းက ကျွန်တော်စောင့်နေတယ်။ ဒါပေမဲ့ နောက်ထပ်ဘာမှ မလာဘူး။ မလာတဲ့ အခါကျတော့ ကျွန်တော့်မှာ ထီပေါက်တာလိုလို၊ မပေါက်တာလိုလိုနဲ့ အဲတာ ညွန်ကြားချက် မလာလို့ ဆိုပြီးတော့ ကျွန်တော် စောင့်နေရသေးတယ်ဗျ။ ၁ နာရီ ၂ နာရီလောက်ကို လွှတ်မှာလိုလို၊ မလွှတ်မှာလိုလို ဘယ်သူမှ မေးလို့မရဘူးပေါ့ဗျာ။ နောက်မှ ကျွန်တော်ကို လွှတ်ဝရမ်းတွေ ဘာတွေပေးလိုက်ပြီ"

သံလျင်ရေနံချက်စက်ရုံ ဗုံးခွဲမှုမှာ ပါဝင်တယ်လို့ အစွပ်စွဲခံရတဲ့ NLD ပါတီဝင် ဦးသန်းဇော်ဟာလည်း သရက်အကျဉ်းထောင်ကနေ ဒီကနေ့ ပြန်လည် လွတ်မြောက်လာပါတယ်။

နိုင်ငံရေးအမှုနဲ့ ပြစ်ဒဏ်ကျနေတဲ့ စစ်ကိုင်းတိုင်း အင်းတော်မြို့က ဆရာတော် ဦးဝီရိရ (လူအမည် ဦးခင်ဇော်ဝင်း) လည်း ဒီကနေ့ မန္တလေး အိုးဘိုထောင်ကနေ လွတ်မြောက်ခဲ့ပါတယ်။ ဆရာတော်က သူ အဖမ်းခံရတာနဲ့ ပတ်သက်လို့ RFA ကို မိန့်ကြားတာကတော့-

"နအဖ အခြေခံဥပဒေ ဝေဖန်ချက် လက်ကမ်းစာစောင်၊ စိန်စီသောညရယ်၊ ဆေးရောင်စုံ အငြိမ့်ရယ်၊ ဗိုလ်ချုပ်အောင်ဆန်း ကြိုးပမ်းမှု မှတ်တမ်းခွေရယ်၊ စတားလုံး မှတ်တမ်း ဇာတ်ကားခွေရယ် အားလုံး ၅ ချပ် အဲဒါဖြန့်မိတယ်။ လက်ကမ်းစာရွက်ကတော့ စစ်ကိုင်းမှာ ဖြန့်မိတာ၊ ခွေတွေကတော့ အင်းတော်မြို့ထဲရယ်၊ နောက် ရွာရယ် တော်တော်များများ မြို့နယ်ထဲကို ဖြန့်မိတာ၊ စာရွက်စာတမ်းကိစ္စက ပုံနှိပ်အက်ဥပဒေနဲ့ ၇ နှစ်၊ စီဒီချပ်က ဗီဒီယို အက်ဥပဒေ ၃၂/ခနဲ့ စွဲချက်တင်ပါတယ်။ အားလုံး ၁၀ နှစ်ပါ။ စစ်ကိုင်းခရိုင် တရားရုံးလို့ပြောပါတယ်"

ထောင်ကမထွက်ခင် ပုဒ်မ ၄၀၁ (၁) ကို လက်မှတ်ထိုးခဲ့ရပြီး နောက်ထပ် ပြစ်ဒဏ်ထပ်ပြီး ကျူးလွန်ရင် ကျန်တဲ့နှစ်တွေကို ပေါင်းပြီး ကျခံရမယ်လို့ ထောင်အာဏာပိုင်က ပြောခဲ့တယ်လို့ ဆရာတော်က မိန့်ပါတယ်။ ဆရာတော် အနေနဲ့ ထောင်ထဲမှာနေဖို့ ၃ နှစ်နဲ့ ၉ လ ကျော်လောက် ကျန်နေသေးတယ်လို့ သိရပါတယ်။

မန္တလေး အိုးဘိုထောင်ထဲမှာ နိုင်ငံရေးမှုနဲ့ သံဃာတော် ၁၀ ပါးကျော် ကျန်နေသေးပြီး သူနဲ့အတူ တခြားအကျဉ်းသား ၈ ယောက် လွတ်တဲ့အထဲမှာ နိုင်ငံခြားသား မိန်းကလေးတွေ များတယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။

မြစ်ကြီးနားထောင်မှာတော့ နိုင်ငံရေးအကျဉ်းသား သံဃာတော် (၃) ပါး အခုချိန်ထိ ပြန်မလွတ်သေးဘဲ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ အမှုတွဲဖြစ်တဲ့ သူ့ရဲတူ တော်စပ်သူ ဦးကျော်ကျော်မိုးနဲ့ တရားမဝင်အသင်း ဆက်သွယ်မှုနဲ့ မြစ်ကြီးနားထောင်မှာ အကျဉ်းကျနေသူ ကချင် အမျိုးသားတစ်ဦးတို့ လွတ်မြောက်လာတယ်လို့ မြစ်ကြီးနားမြို့နယ် NLD ပါတီ စည်းအဖွဲ့ဝင် ဦးနေဝင်းက ပြောပါတယ်။

"ကျွန်တော်ကြားလိုက်တာက ၂ ဦးပါတယ်။ ဦးကျော်ကျော်မိုးရယ်၊ နောက် ၁၇ (၁) နဲ့ ဖမ်းတဲ့ ကချင်တိုင်းရင်းသား တစ်ယောက်လို့ အဲဒီလိုပဲ အသံထွက်တယ်ဗျ။ ကိုကျော်ကျော်မိုးက နိုင်ငံရေး အကျဉ်းသားတော့ မဟုတ်ဘူးပေါ့ဗျာ။ ဗိုလ်ချုပ်ခင်ညွန့်ရဲ့တူလေ။ အမှုကတော့ ဗိုလ်ချုပ်ခင်ညွန့် အမှုတွဲပါပဲ။ ကျွန်တော်တို့ နိုင်ငံရေး အကျဉ်းသားထဲက ကျန်သေးတယ်ဗျ။ သံဃာထဲက ဆိုလို့ရှိရင် ဖမ်းထားတာ ဆရာတော် ဦးဉာဏကျန်တယ်၊ နောက် ဦးဂန္ဓသာရ ကျန်တယ်။ နောက် ဦးဓမ္မသာမိ ကျန်တယ်ဗျာ။ သံဃာတော် ၃ ပါး ကျန်သေးတယ်ဗျ။ ဦးဂန္ဓသာရက ရွှေဝါရောင်နဲ့ ဆိုင်တယ်ဗျ။ ကျန်တဲ့ ၂ ပါးကတော့ မဟုတ်ပါဘူး"

အစိုးရက ပြန်လွှတ်ပေးလိုက်တဲ့ နိုင်ငံရေး အကျဉ်းသား (၂၀) ကျော်ဟာ အင်းစိန်၊ ကလေး၊ မြင်းခြံ၊ သရက်၊ ကသာ၊ ဘားအံ၊ ထားဝယ်၊ ကော့သောင်း စတဲ့ အကျဉ်းထောင်တွေက ဖြစ်ကြပါတယ်။ အင်းစိန်ထောင်က (၁၁) ဦး အများဆုံး ဖြစ်ပါတယ်။

အခုလို နိုင်ငံရေး အကျဉ်းသားတွေ ထပ်ပြီး လွှတ်ပေးလိုက်တာနဲ့ ပတ်သက်လို့ A.I ခေါ် အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ရဲ့ အာရှ ပစ္စဖိတ် ဒေသဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး Donna Guest က ကြိုဆိုလိုက်ပါတယ်။

"နိုင်ငံရေး အကျဉ်းသား ကိုအေးအောင်၊ ကိုသန်းဇော် အပါအဝင် တခြားနိုင်ငံရေး အကျဉ်းသားတွေပါ လွတ်မြောက် လာတယ်လို့ ကြားသိရတဲ့ အတွက် အေအိုင်အဖွဲ့အနေနဲ့ အထူးပဲ ဝမ်းမြောက် ပါတယ်။ တကယ်တော့ သူတို့ကို အစကတည်းက မတရား ဖမ်းဆီး ထောင်ချခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အကျဉ်းထောင်တွေမှာ ကျန်ရှိနေသေးတဲ့ ရာနဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် တိုင်းရင်းသားဒေသတွေက ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်" လို့ Donna Guest က ပြောခဲ့တာပါ။

NLD ပါတီကတော့ သူတို့ ကောက်ခံရရှိထားတဲ့ စာရင်းအရ အကျဉ်းထောင် အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား (၃၃၀) လောက် ကျန်နေသေးတယ်လို့ ဆိုပါတယ်။

ဒီကနေ့ လွတ်လာသူတွေထဲမှာ အဲဒီ မြန်မာနိုင်ငံသား ၄၆ ဦးအပြင် နိုင်ငံခြားသား အကျဉ်းသား (၃၄) ဦးလည်း ပါဝင်ပြီး သူတို့ကိုတော့ ပြည်နှင်ဒဏ် ပေးမယ်လို့ အစိုးရက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။