နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် သတ်မှတ်ပေးဖို့ တောင်းဆိုနေ

နေမျိုးထွန်း
2021.01.11

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ ၂၀၂၀ ပြည့်နှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ခြောက်ရာနီးပါးလောက်ရှိနေတာနဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၈ ရက်နေ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ RFA က မေးမြန်းတဲ့အခါ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အခုလို ပြောခဲ့ပါတယ်။

“ဒီအစိုးရသစ် ၂၀၁၆ တက်ခါစက ပြောထားတာရှိတယ်။ နိုင်ငံရေးအကျဉ်းသားဆိုတာက နံပါတ်တစ် ကတော့ နိုင်ငံရေးယုံကြည်ချက်ပေါ့နော် နိုင်ငံရေးယုံကြည်ချက်အရ နံပတ်နှစ်ကတော့ ဥပဒေနဲ့အညီပေါ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်မှုကြောင့် အရေးယူခံထားရတဲ့သူတွေ၊ အဲတော့ နိုင်ငံရေးယုံကြည်ချက်အရ ဆန္ဒဖော်ထုတ်တာဖြစ်ရမယ်၊ ဥပဒေနဲ့အညီ ဆန္ဒဖော်ထုတ်တာ ဖြစ်ရမယ်။ အဲဒီလို လုပ်ရဲ့သားနဲ့ ဖမ်းဆီး အပြစ်ပေး အရေးယူတာ ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားပဲ။ အဲလို ကျွန်တော်တို့ သတ်မှတ် ထားပါတယ်။ ကျန်တဲ့ ဥပဒေချိုးဖောက်မှုဆိုင်ရာ အပိုင်းတွေက နိုင်ငံရေးအကျဉ်းသားနဲ့မဆိုင်ဘူး။ အဲလိုပဲ ကျွန်တော်ဖြေချင်ပါတယ်။”

အစိုးရက ဦးဆောင်ပြီး နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ နိုင်ငံရေး အကျဉ်းသားအရေးဆောင်ရွက်နေတဲ့ အဖွဲ့ နှစ်ဖွဲ့က ဇန်နဝါရီ ၉ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဦးဇော်ဌေးရဲ့ ပြောဆိုချက်ဟာ လက်ရှိ ဒီမိုကရေစီ အပြောင်းအလဲနဲ့ အမျိုးသားရင်ကြားစေ့ရေးကို တစ်စုံတစ်ရာ အကျိုးမပြုနိုင်တဲ့အပြင် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းနဲ့ မကိုက်ညီဘူးလို့ AAPP က ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်က အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု မသတ်မှတ်ပေးသမျှ အငြင်းပွားနေဦးမှာပဲလို့ ပြောပါတယ်။

“နိုင်ငံတော် အတိုင်ပင်ခံကအစ ဒီအစိုးရအဖွဲ့ထဲမှာရော၊ ဥပဒေပြုလွှတ်တော်တွေမှာရော နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အများကြီးရှိနေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့ အစိုးရကနေ အဓိပ္ပာယ် ဖွင့်ဆိုချက် သတ်မှတ်ပေးဖို့ အမြဲတမ်း တောင်းဆိုနေတာပါ။ ဒီလို အဓိပ္ပာယ်ဖွင့်ဆိုချက်မလုပ်နိုင်သေး သမျှတော့ အငြင်းပွားမှုတွေက ရှိနေဦးမှာဖြစ်ပါတယ်။ အဖွဲ့အစည်းတွေက သူ့ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့သူ ရှိမှာပါ။ အစိုးရကလည်း သူ့အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့သူ ရှိမှာပါ။”

အားလုံးရဲ့ သဘောထားတွေပါဝင်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကို အစိုးရအနေနဲ့ အမြန်ဆုံး လုပ်ပေးနိုင်မယ်ဆိုရင် ဒီပြဿနာတွေဟာ ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်လို့လည်း ဦတိတ်နိုင်က ဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ FPPS က ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကလည်း ဦးဇော်ဌေးရဲ့ ပြောကြားချက်ဟာ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပုံဖျက်ရာရောက်သလို နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ သွယ်ဝိုက်ငြင်းဆိုရာ ရောက်နေတယ်လို့ ပြောပါတယ်။

“အစိုးရတွေက နိုင်ငံရေးအကျဉ်းသားတွေကို ပုံဖျက်တာတွေရှိတယ်။ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိဘူးပေါ့။ သို့သော်ငြား အရင်တုန်းကလည်း ရှိခဲ့တယ်၊ အခုလည်း ရှိနေတဲ့ကိစ္စကို နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သွယ်ဝိုက်ပြီးတော့ မရှိသလိုလို ပြောတာကလည်း လက်ခံလို့မရဘူးပေါ့နော်။ နောက်တစ်ချက်က ဆန္ဒပြရုံသက်သက်ပေါ့နော် အဲဒါကို အခြေပြုပြီးတော့ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ထုတ်ပြန်ထားတာမဟုတ်ဘူး။ အားလုံးကို ခြုံငုံပြီးတော့ နိုင်ငံတကာရဲ့ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ ယုံကြည်ချက်အကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ သေသေချာချာ လေ့လာပြီးတော့မှ ဒီနိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ခိုင်ခိုင်မာမာကိုင်စွဲပြီး အခုချိန်ထိ ဆောင်ရွက်နေတယ်။”

ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးအရလက်ထက်က လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ ဖွဲ့စည်းလုပ်ဆောင်ခဲ့တာရှိပေမယ့် လက်ရှိ NLD အစိုးရ သက်တမ်း ငါးနှစ်အတွင်း အဲဒီလို ဖွဲ့စည်း ဆောင်ရွက်ခဲ့တာတော့ မရှိခဲ့ပါဘူး။

နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး ဦးဇော်ဌေးပြောကြားချက်ဟာ အစိုးရ ကိုယ်စားပြောတာဆိုရင် အတော်စိတ်ပျက်စရာကောင်းတယ်လို့ လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ အဖွဲ့ဝင်ဟောင်လည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်သူ ဦးကိုကိုကြီးက ပြောပါတယ်။

“ကျွန်တော်တို့ ဟိုတုန်းကဆို နိုင်ငံရေးလှုပ်ရှားတဲ့သူကို တွေ့ကရာ ဥပဒေတွေနဲ့ ပုဒ်မတွေတပ်ပြီးတော့ အကြောင်းရှာပြီး စွဲတယ်။ အဲဒါမျိုးတွေကအစ ကျွန်တော်တို့က စာရင်းပြုစုပြီးတော့ လွှတ်မြောက်ဖို့ အတွက် ကျွန်တော်တို့ ကြိုးစားပေးခဲ့ကြတယ်။ ဒါ ကျွန်တော်တို့ လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီမှာ ဆောင်ရွက်စဉ်တုန်းက။ နောက်တစ်ခါ တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ဆက်သွယ်လို့ဆိုတာ တိုင်းရင်းသား ရွာသူ၊ ရွာသားတွေ ကျွန်တော်တို့ အများကြီး နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပြီး လွတ်မြောက်အောင် ကြိုးစားပေးနိုင်ခဲ့တယ်။ အခုပြောတဲ့ ဦးဇော်ဌေး ပြောကြားချက်ဟာ အစိုးရကိုယ်စား ပြောတာဆိုရင်တော့ တော်တော်စိတ်ပျက်စရာ ကောင်းတယ်လို့ ပြောရမှာပါပဲ။”

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး အကျဉ်းသားအရေး ဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေ၊ ဥပဒေပညာရှင်တွေ၊ တစ်သီးပုဂ္ဂလတွေ စုပေါင်းဆွေးနွေးပြီး နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အနီးစပ်ဆုံး ကိုက်ညီအောင် သတ်မှတ်ခဲ့ကြပါတယ်။

အဲဒီသတ်မှတ်ချက်ကတော့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေ အကျိုးကို မျှော်မှန်းပြီး တစ်နည်းအားဖြင့် အာဏာရှင်စနစ်အမျိုးမျိုးကို ဆန့်ကျင်တာ၊ နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့အတွက် ငြိမ်းချမ်းစွာ လှုပ်ရှားဆောင်ရွက်တာ၊ တန်းတူညီမျှရေးအတွက် ကိုယ်ယုံကြည်ရာ နည်းလမ်းမျိုးစုံနဲ့ လှုပ်ရှားဆောင်ရွက်တာ၊ အဲဒီလို လှုပ်ရှားဆောင်ရွက်သူတွေကို ထောက်ခံအားပေး ကူညီတာ၊ ဆက်စပ်ပတ်သက်တာ၊ နိုင်ငံရေးလှုပ်ရှားသူတွေကို နိုင်ငံရေးရည်ရွယ်ချက် ရှိရှိနဲ့ ပြစ်မှုကြောင်းအရ ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ်ချမှတ်ခံရသူတွေ အားလုံးကို ဆိုလိုတယ်လို့ ဖော်ပြထားပါတယ်။

ဒီအဓိပ္ပာယ်သတ်မှတ်ချက်မှာ အငြင်းပွားစရာတွေရှိတာကြောင့် လက်ခံထားတာမရှိသေးသလို အားလုံးဘက်ပေါင်းစုံ ဆွေးနွေးပြီးမှ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်သတ်မှတ် လုပ်ဆောင်တာ ပိုသင့်တော်မယ်လို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

“ဒါဟာ အငြင်းပွားစရာ အကြောင်းဖြစ်တဲ့အတွက် လောလောဆယ်မှာ ဒီအဓိပ္ပာယ်သတ်မှတ်ချက်ကို လက်ခံထားခြင်းမရှိသေးပါဘူး။ နိုင်ငံရေးအကျဉ်းသားသတ်မှတ်မှုက ကျွန်တော်တို့ ဒီနေ့ခေတ်မှာလည်း ပိုပြီး ရှုပ်ထွေးလာတယ်။ သတ်မှတ်ချက်တချို့မှာ အကျုံးမဝင်တဲ့ အဖြစ်အပျက်တချို့လည်းရှိလာပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နောင်မှာ ဘက်ပေါင်းစုံပါဝင်တဲ့ ဆွေးနွေးမှုတစ်ခုပြီးမှ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်သတ်မှတ်ချက်ကို လုပ်ဆောင်တာ ပိုပြီးသင့်တော်မယ်လို့ ကျွန်တော်တို့ထင်ပါတယ်။ ”

နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့ နှစ်ဖွဲ့က နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အစိုးရက အမြန်ဆုံးအကောင်အထည် ဖော်ပေးဖို့ တောင်းဆိုနဲ့ပတ်သက်ပြီး ဒီကိစ္စကို အမြန်ဆုံး ဆောင်ရွက်သင့်တဲ့ ကိစ္စဆိုတာ သဘောတူတယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

AAPP က ၂၀၂၀ နှစ်ဆန်းကနေ နိုဝင်ဘာလကုန်အထိ ပြုစုထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၅၉၀ ရှိပြီး အဲဒီထဲမှာ ထောင်ကျခံနေရသူ ၃၅ ယောက်၊ ထောင်ထဲကနေ တရားရင်ဆိုင်နေရသူ ၁၉၉ ယောက်နဲ့ အပြင်ကနေ တရားရင်ဆိုင်နေရသူ ၃၅၆ ယောက်ရှိတယ်လို့ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။