နိုင်ငံရေး အကျဉ်းသား ၄ဝ ခန့်ရှိနေ


2017.07.07
political-prisoner-620.jpg သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အင်းစိန်ထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လာကြိုသူများနဲ့အတူ တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

လက်ရှိမှာ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၄၀ ခန့်ရှိနေသေး ပြီး နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP နဲ့ ဆက်လက်တောင်းဆိုသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးအမှုနဲ့ တရားစွဲဆိုခံထားရပြီး အမှုရင်ဆိုင်နေသူ ၂၀၀ ကျော်ရဲ့ အဲဒီအမှုတွေကိုလည်း ပြန်လည် ရုပ်သိမ်းပေးဖို့ တောင်းဆိုသွားမှာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေဒအသင်း AAPP က ဦးအောင်မျိုးကျော် ကပြောပါတယ်။

"နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ဆိုရင်လည်း ကျနော်တို့တွေ ဖွင့်ဆိုထားတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ရှိတယ်။ ဒါပေမဲ့ အစိုးရနဲ့ လွှတ်တော်နဲ့က တရားဝင်အသိမှတ်ပြုထားတဲ့ နိုင်ငံရေး အကျဉ်းသားကို ဘယ်လိုခေါ်သလဲဆိုတာ အသိမှတ်ပြုထားတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က မရှိသေးဘူး။ အဲ့တော့ ကျနော်တို့ကလည်း ကျနော်တို့အ ဓိပ္ပါယ်ဖွင့်ဆိုချက်ကိုကိုင်ပြီးတော့ ဒီလူကတော့ နိုင်ငံရေး အကျဉ်းသားဖြစ်တယ် ဒီလူကို လွှတ်ပေးပါ။ အခုကျနော်တို့ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ကိုက်ညီနေတဲ့ နိုင် ငံရေးအကျဉ်းသား ၄၀ ရှိနေသေးတယ်။ အဲ့ ၄၀ ကိုလွှတ်ပေးပါ။ တရားစွဲခံထားရသူ ၂၀၀ ကျော်ရှိ တယ်။ အဲ့လူတွေက အမှုတွေကနေ ရုပ်သိမ်းပေးပါဆိုတာကို ကျနော်တို့က တောင်းဆိုနေတယ်။"

ဒီမိုကရေစီအစိုးရတစ်ရပ်အနေနဲ့ နိုင်ငံရေးအကျဉ်းသားအဓိပ္ပါယ်ဖွင့်ဆိုချက်ကို အစိုးရဒါမှမဟုတ် လွှတ်တော် ဘက်က တရားဝင်ဖွင့်ဆိုဖို့ လိုအပ်နေပြီး ပြီးခဲ့တဲ့အစိုးရသက်တမ်းအတွင်း အကျဉ်းထောင်တွေမှာ အနစ်နာခံ ညှဉ်းပန်းနှိပ်စက်ခံရခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အစားထိုးကုစားပေးမှုတွေ လုပ်ဆောင်ပေးဖို့ လိုအပ် နေတယ်လို့ ပြောပါတယ်။

တဖက်ကလည်း အကျဉ်းထောင်တွေမှာ အကျဉ်းသားဦးရေ များပြားနေတာတွေကို လျော့ချနိုင်ဖို့ အကျဉ်းသားများ စိစစ်ရေးကော်မတီကို နိုင်ငံတော်သမ္မတအမိန့်နဲ့ တိုက်ရိုက်ဖွဲ့စည်းပြီး ပြစ်မှုနဲ့ပြစ်ဒဏ်မမျှတဘဲ အကျဉ်းကျ ခံနေရသူတွေကို စိစစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ လိုအပ်တယ်လို့ ဦးအောင်မျိုးကျော် ကပြောပါတယ်။

အကျဉ်းထောင်တွေထဲက ပြစ်မှုပြစ်ဒဏ်မမျှဘဲ အကျဉ်းကျခံနေရသူတွေရဲ့ အမှုတွေကို ပြန်လည်စိစစ်ဖို့ နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီကို အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဥပဒေပညာရှင်တွေ၊ အကျဉ်းထောင် တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ စတဲ့ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

လက်ရှိ အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းသားဦးရေ တစ်သောင်းကျော်ရှိနေတဲ့အတွက် ညဘက်အိပ်ရာမှာ ပူးကပ်ပြီး အိပ်နေရတဲ့ အခြေအနေမျိုးတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။