အကျဉ်းထောင်တွေထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ၁၆၄ ကို အမြန်ဆုံးလွှတ်ပေးဖို့နဲ့ တရားရင်ဆိုင်နေရ တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂ဝ၃ ဦးရဲ့အမှုကို ရုပ်သိမ်းပေးဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းနဲ့ နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့တို့က တောင်းဆိုလိုက်ပါတယ်။
အကျဉ်းထောင်ထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ၁၆၄ ဦးရဲ့အမည်တွေကို နိုင်ငံရေးအကျဉ်း သားဟောင်းတွေက သူတို့ရဲ့လက်ဝါးပေါ်မှာရေးပြီး လွှတ်ပေးဖို့တောင်းဆိုတဲ့ လှုပ်ရှားမှု တစ်ရပ်ကိုလည်း ဒီနေ့ကစပြီး ၃ ရက်ကြာလုပ်ဆောင်သွားမှာဖြစ်တယ် လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က လုပ်ငန်းကော်မတီအဖွဲ့ဝင် ကိုတင်မောင်ဦးက ပြော ပါတယ်။
"အကျဉ်းထောင်ထဲမှာရှိနေတဲ့ လူတွေရဲ့နာမည်တွေကို လက်ဝါးတွေပေါ်မှာရေးပြီးတော့ အပြင်မှာရှိနေ တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေတဲ့သူတွေ၊ လူမှုရေး အဖွဲ့အစည်းကပုဂ္ဂိုလ်တွေ အဲ့လိုလူတွေက အခုတောင်းဆိုတဲ့လှုပ်ရှားမှု ဒီနေ့ ကျနော်တို့စနေပါပြီ၊ လိုင်းပေါ်ကို အကုန်လုံးတင်ထားပါတယ်၊ အဲ့ဒီလှုပ်ရှားမှုကတော့ အကျဉ်းသား အရေအတွက်နဲ့မူတည် ပြီးတော့ ၃ ရက်လောက်အတွင်းမှာ ဒီဟာတွေလုပ်သွားမှာပါ"
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးအောင်ပွဲနေ့ကျင်းပခဲ့တာ ၆၇ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပေမယ့် မြန်မာပြည်သူလူထုက လွတ်လပ်ရေးရဲ့အနှစ်သာရကို မခံစားရကြောင်းနဲ့ လူ့အခွင့်အရေးနဲ့ ဘဝလုံခြုံရေးတွေ ပျောက်ဆုံးနေ ဆဲဖြစ်ကြောင်း အဲ့ဒီအဖွဲ့ နှစ်ဖွဲ့ရဲ့ ပူးတွဲကြေညာချက်မှာပါရှိပါတယ်။
လက်ရှိအကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အမှုရင်ဆိုင်နေရသူတွေထဲမှာ လယ်သမားတွေ အများဆုံး ပါဝင်တယ်လို့ သိရပါတယ်။