သကြားစက်စွန့်ပစ်ပစ္စည်းကြောင့် ရေထုလေထုညစ်ညမ်း

စစ်ကိုင်းတိုင်း ဒေသကြီး၊ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှာ ရှိတဲ့ ဂရိတ်ဝေါ သကြားစက်က စွန့်ပစ်တဲ့ ပစ္စည်းတွေနဲ့ အနံ့ဆိုးတွေကြောင့် ဒေသခံ လူပေါင်း ကိုးရာကျော်ဟာ အရေပြား ကူးစက်ရောဂါတွေ ခံစားနေကြရတယ်လို့ သိရပါတယ်။

2012.10.04

အဲဒီလိုဖြစ်လာတာကြောင့် ဒေသခံ တစ်ထောင်ကျော်  လက်မှတ်ရေးထိုးပြီး အခုလ တစ်ရက်နေ့က နိူင်ငံတော် သမ္မတဆီ စာရေးတင်ပြလိုက်ကြတယ်လို့ သိရပါတယ်။

အခုလက်ရှိ အခြေအနေနဲ့ပတ်သက်ပြီး သပိတ်ကျဉ်းမြို့နယ်၊ တွင်းငယ်ရွာသား ကိုသက်ခိုင်က --

"ဂရိတ်ဝေါ သကြားစက်တို့၊ မက်သနောတို့၊ အီသနောတို့၊ ဓါတ်မြေသြဇာတို့ ချက်တဲ့စက်ရုံကြီးရဲ့ စွန့်ပစ် ပစ္စည်းတွေဟာ  ဧရာဝတီမြစ်ထဲကို  စွန့်ပစ်တဲ့အတွက်  မြစ်ရေကို သောက်သုံးနေတဲ့ မြစ်ကြော တစ်လျှောက်က လူတော်တော်များများဟာ ရောဂါဆိုးတွေ  ခံစားနေကြရပါတယ်။   သပိတ်ကျဉ်းမြို့နယ်၊ တကောင်းမှာဆို စုစုပေါင်း  ၉၇၆ ယောက်ဟာ ရေဒဏ်ကြောင့်မို့ တစ်ပြိုင်ထဲကို ခံစားနေရတာကိုတွေ့ရပါတယ်။ လေထုညစ်ညမ်းမှု ကလည်း ဘယ်လောက် ဆိုးသလဲ ဆိုရင် လေသင့်ရာ ၁၅ မိုင်ဝန်းကျင်မှာရှိတဲ့ ရွာတွေဆိုရင် ဒီအနံ့ရရင်ကို စားမရ အိပ်မရ ခံစားနေရတယ်။"

မြစ်ထဲကို စွန့်ပစ်တဲ့ရေဆိုးတွေကြောင့် အရေပြားရောဂါနဲ့ ခြင်ပေါက်ဖွားတာ များတဲ့အတွက် ခြင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေ ဖြစ်နေကြသလို မြစ်ထဲက ငါးတွေ၊ လင်းပိုင်တွေလည်း  သေကျေပျက်ဆီးတာ ရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီဒေသမှာ ကျေးရွာအုပ်စု ၈ ခုက ရွာပေါင်း၂၆ ရွာရှိပြီး  ဒေသခံတွေက  နောက်ထပ်လည်း လက်မှတ်တွေ ထပ်တိုးစုဆောင်းကာ သမ္မတ နဲ့ သက်ဆိုင်ရာတွေထံ  ဒီကိစ္စ ဖြေရှင်းပေးဖို့ ဆက်လက် တင်ပြတောင်းဆိုသွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။