ကန်နဲ့ မြန်မာဝန်ကြီးတွေ ပြုပြင်ပြောင်းလဲရေး ဆွေးနွေး

2018-08-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင် တို့ကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၄ ရက်နေ့က စင်္ကာပူနိုင်ငံမှာ တွေ့ရစဉ်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင် တို့ကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၄ ရက်နေ့က စင်္ကာပူနိုင်ငံမှာ တွေ့ရစဉ်
Photo: Ministry of Foreign Affairs Myanmar

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo မိုက် ပွန်ပေးယိုက မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်နဲ့ မနေ့က တွေ့ဆုံရာမှာ မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဒေသဆိုင်ရာဖိုရမ် သီးသန့်အစည်း အဝေးတွေ တက်ရောက်ဖို့ ရောက်ရှိနေတဲ့ မြန်မာဝန်ကြီး ဦးကျော်တင်နဲ့ သီးခြားတွေ့ဆုံခဲ့စဉ်အတွင်း အမေရိကန် ဝန်ကြီး ပွန်ပေးယို က မြန်မာပြည် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့အတွက် လိုအပ်တဲ့ အခြေအနေတွေ ဖော်ဆောင်ပေးရေး၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို တာဝန်ယူဖြေရှင်းရေးနဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ ကိုဖီအာနန် အကြံပေးကော်မရှင်ရဲ့ ထောက်ခံ တင်ပြချက်တွေ အကောင်အထည်ဖော်ဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံနေရတဲ့ ရိုက်တာသတင်းထောက် ၂ ဦးကို ပြန်လွှတ်ပေးပြီး သတင်းမီဒီယာ လွတ်လပ်ရေးအတွက် လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo မိုက် ပွန်ပေးယိုက မြန်မာ ဝန်ကြီး ဦးကျော်တင်ကို တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

အခုလို နိုင်ငံခြားရေးဝန်ကြီး ပွန်ပေးယိုရဲ့ တိုက်တွန်းချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရ ပြောခွင့်ရသူ ဦးဇော်ဌေးက မြန်မာပြည်ရဲ့ အခြေခံဥပဒေအရ တရားစီရင်ရေးဟာ သီးခြားလွတ်လပ်တဲ့ စနစ်ဖြစ်တဲ့အတွက် တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မိမိတို့ စောင့်ကြည့်ရပါလိမ့်မယ်၊ လက်ရှိမှာ အဲဒီ ဖမ်းဆီးခံနေရတဲ့ သတင်းထောက် ၂ ဦးကို ရှေ့နေငှားရမ်းခွင့် အပါအဝင် တရားဥပဒေအရ အားလုံးတပြေးညီရရှိသင့်တဲ့ အခွင့်အရေးတွေ ပေးထားပါတယ်လို့ ပြောကြားကြောင်း ရိုက်တာ သတင်းမှာ ဖေါ်ပြထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့