ပုဏ္ဏားကျွန်းမြို့နယ်မှာ လက်နက်ကြီးကျည်ပေါက်ကွဲပြီး နှစ်ဦးသေဆုံး


2019.02.27
ponnagyun-bomb-622 ပုဏ္ဏားကျွန်းမြို့နယ် အထက်သင်ပုန်းတန်းကျေးရွာတွင် လက်နက်ကြီးကျည်ပေါက်ကွဲသည့်အတွက် သေဆုံးခဲ့သူ ဦးမောင်ဦးထွန်း။
(ဓာတ်ပုံ - ပိုးရွှီပြင်မဟာမိတ်လူမူကူညီရေးအသင်း)

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အထက်သင်ပုန်းတန်းကျေးရွာမှာ ဒီနေ့ညနေပိုင်းက လက်နက်ကြီးကျည် တစ်လုံး ပေါက်ကွဲတဲ့အတွက် ဦးမောင်ဦးထွန်းနဲ့ ဒေါ်မဆန်းဝင်း ဇနီးမောင်နှံနှစ်ဦး သေဆုံးခဲ့ပါတယ်။

ဒီနေ့ညနေ လေးနာရီဝန်းကျင်လောက်မှာ သူတို့စီးလာတဲ့လှေပေါ်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး၊ ဦးမောင်ဦးထွန်းက ပွဲချင်းပြီး သေဆုံးခဲ့သလို၊ ဇနီးဖြစ်သူ ဒေါ်မဆန်းဝင်းကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် ပိုးရွှီပြင်တိုက်နယ်ဆေးရုံကို သယ်ဆောင်လာစဉ် လမ်းခုလတ်မှာ သေဆုံးသွားတယ်လို့ အထက်သင်ပုန်းတန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက RFA ကို ပြောပါတယ်။

“မောင်ဦးထွန်း ဆိုတဲ့တစ်ယောက်ပါတယ်။ သူ့ရဲ့ဇနီး မဆန်းဝင်းဆိုတဲ့ တစ်ယောက်ပါတယ်။ ထင်းခွေရင်းနဲ့ ဗုံးလားဘာလား တစ်လုံးပေါက်သွားတယ်။ ယောကျ်ားဖြစ်သူက ချက်ခြင်းသေတယ်၊ သူ့ရဲ့ဇနီးကတော့ ချက်ခြင်း လှေနဲ့ဆေးရုံကို ပို့ဖို့လာတဲ့အချိန် လမ်းမှာပဲ ဆုံးသွားတာ”

သေဆုံးသူဇနီးမောင်နှံဟာ ဒီနေ့နေ့လယ်ပိုင်းက သူတို့ရဲ့ဥယျာဉ်ကို လှေနဲ့သွားရောက်ချိန်မှာ အမျိုးအမည် အတည်မပြုနိုင်သေးတဲ့ လက်နက်ကြီးကျည်ဆံလို့ ယူဆရတဲ့ အရာတစ်ခုတွေ့ရတဲ့အတွက် ဥယျာဉ်ကအပြန် လှေပေါ်မှာတင်ဆောင်ပြီး ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။ လှေပေါ်မှာ အဲဒီလက်နက်ကျည်ဆံကို ခေါက်ကြည့်ရာမှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

လှေပေါ်မှာ သေဆုံးသူ ဇနီးမောင်နှံအပြင် အထက်သင်ပုန်းတန်းကျေးရွာက နောက်ထပ်အမျိုးသမီးနှစ်ဦးလည်း အတူလိုက်ပါလာပြီး၊ သူတို့ကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဒီနေ့ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ အထက်သင်ပုန်းတန်းကျေးရွာမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ပုဏ္ဏားကျွန်း မြို့နယ်အတွင်း ရက္ခိုင့်တပ်မတော် (AA) နဲ့ အစိုးရတပ်မတော်အကြား တိုက်ပွဲတွေကြောင့် ကျောက်ဆည်တောင်၊ သပြုချောင်း၊ မောင်နှမ၊ အဝတောင်၊ နတ်သရဲ၊ ဖရုံပေါက်၊ ဖားဝပ်ချောင်း စတဲ့ ကျေးရွာတွေက ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၁ဝ၉ စု၊ လူဦးရေငါးရာကျော် ခိုလှုံနေကြပါတယ်။

သင်ပုန်းတန်းကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတာ မရှိပေမယ့်၊ ဒီနေ့ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ ဘယ်အဖွဲ့က ကျည်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးရပါဘူး။

ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ ပိုးရွှီပြင်ကျေးရွာစခန်းမှူး ရဲအုပ်ရွှေလှိုင်ကို RFA က ဒီနေ့ညနေ ၇ နာရီမှာ မေးမြန်းခဲ့ရာမှာ… ပေါက်ကွဲမှုဖြစ်တယ်ဆိုတာကို အတည်ပြုပြောဆိုပေမယ့် အသေးစိတ်ကိုတော့ ပြောဆိုတာ မရှိပါဘူး။

ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် ရေကောင်းချောင်းကျေးရွာမှာ တောစပ်တစ်နေရာက ကောက်ရလာတဲ့ လက်နက်ကျည်ကို ဆော့ကစားရာကနေ ပေါက်ကွဲပြီး ခုနှစ်တန်းကျောင်းသားတစ်ဦး သေဆုံးခဲ့ပါတယ်။ ရသေ့တောင်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် လက်နက်ကျည်ပေါက်ကွဲမှုကြောင့် သေဆုံးသူ သုံးဦး ရှိနေပြီဖြစ်ပါတယ်။

ဒါ့အပြင် ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းထဲမှာ မနေ့ညနေက ပေါက်ကွဲမှု ဖြစ်ပွားတဲ့အတွက် လူ ၈ ဦးဒဏ်ရာရခဲ့ပါတယ်။ ရုံးနောက်မှာရှိတဲ့ အမှိုက်တွေ၊ ချုံတွေကို ဝန်ထမ်းတွေက ခုတ်ထွင်ရှင်းလင်းပြီးမီးရှို့စဉ်မှာ မြေကြီးထဲမှာမြုပ်နေတဲ့ ဗုံးသီးဟောင်းက မီးအပူရှိန်ကြောင့် ပေါက်ကွဲခဲ့တာ ဖြစ်နိုင်တယ်လို့ ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်းမှာပဲ ဒီနေ့ည ၇ နာရီ ၄၅ မိနစ်လောက်က ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာနဲ့ ကြံခင်းကျေးရွာ အကြား၊ စစ်တွေ-ရန်ကုန် အဝေးပြေးကားလမ်းမအနီးမှာ မိုင်းနှစ်လုံးပေါက်ကွဲခဲ့ပြီး လက်နက်ငယ်တွေနဲ့ မိနစ် ၂ဝ လောက်ကြာအောင် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကလည်း ပစ်ခတ်သံတွေ ကြားရတယ်လို့ ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အသေးစိတ်ကိုတော့ RFA က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။