အမျိုးသား ပြန်လည်သင့်မြတ်ရေး တိုးလုပ်ဆောင်ဖို့ ပုပ်ရဟန်းမင်းကြီး ဆုတောင်း
2011.12.26
ရိုမန်ကက်သလစ် ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဘင်နဒစ် (Benedict XVI)။
မနေ့က ဘာတီကန်နန်းတော် စိန့်ပီတာရင်ပြင်မှာ ဟောပြောတဲ့ ခရစ္စမတ် သဝဏ်လွှာမှာ ပုပ်ရဟန်းမင်းကြီး ဘင်နဒစ် (Benedict XVI) က ဆီးရီးယားနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပြီးဆုံးအောင် ဆုတောင်းခဲ့ သလို မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးမှုတွေ ပိုဖြစ်ပေါ်လာဖို့၊ ထိုင်းနိုင်ငံက ရေဘေးသင့်ပြည်သူ တွေ၊ အာဖရိကဒေသက ဒုက္ခသည်တွေအရေးနဲ့ ပါလက်စတိုင်း-အစ္စရေး ဆွေးနွေးပွဲတွေ ပြန်လည် ကျင်းပနိုင်ရေးတွေကိုလည်း ထည့်သွင်း ဆုတောင်းခဲ့တယ်လို့ သိရပါတယ်။
သက်တော် ၈၄ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးဟာ ခရစ္စမတ် သဝဏ်လွှာကို စိန်ပီတာရင်ပြင်မှာ ကိုယ်တိုင် ဟောပြောအပြီး ပုပ်ရဟန်းမင်းကြီးရဲ့ ပြန်ကြားရေးဌာနက ဘာသာစကား ၆၅ မျိုးနဲ့ ပြန်လည် ဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။
ခရစ်တော် ဖွားမြင်တဲ့ အထိမ်းအမှတ် နေ့ရက် အခမ်းအနားတွေကနေ ကမ္ဘာတလွှား အခက်အခဲ ပေါင်းစုံ ခံစားနေရသူတွေကို ဆင်းရဲခြင်းက ကင်းလွတ်အောင်လည်း ဆုတောင်းခဲ့တယ်လို့ ဗာတီကန်က လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။









