ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အနေနဲ့ ရိုဟင်ဂျာဒုက္ခသည်ဆိုင်ရာ ညီလာခံတခုကျင်းပနိုင်ရေး အကူအညီပေးဖို့ စဉ်းစားနေကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ကက်သလစ်ခရစ်ယာန် ကာဒီနယ် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ချားလ်စ်မောင်ဘိုက ပြောကြားပါတယ်။
ဘုန်းတော်ကြီး ချားစ်မောင်ဘိုနဲ့ တခြားသာသနာပိုင်ချုပ်ဆရာတော်တွေ အခု မေလ ၈ ရက်နေ့က ပုပ်ရဟန်း မင်းကြီးနဲ့ တွေ့ဆုံခဲ့ပြီး ပုပ်ရဟန်းမင်းကြီးအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်ဆိုင်ရာ ညီလာခံတခု ကျင်းပရာမှာ အကူအညီပေးဖို့ အကြံပြုခဲ့ကြောင်း၊ ဒီနိုင်ငံမဲ့ ရိုဟင်ဂျာမွတ်စလင်တွေဟာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေမှာ ပြန့်ကျဲရောက်ရှိနေပြီး စုစုပေါင်း လူဦးရေ ၂ သန်းခန့်ရှိကြောင်း ကက်သလစ်သတင်းဌာန Crux နဲ့ မေးမြန်းချက်မှာ ဘုန်းတော်ကြီး မောင်ဘိုက ဖြေကြားထားပါတယ်။
ဒီနိုင်ငံတွေထဲက ဘယ်နိုင်ငံကမှ သူတို့ကို လက်မခံကြောင်း၊ အစ္စလာမ်ဘာသာ မီဒီယာတွေအနေနဲ့ အင်အား ကြီးကြောင်း၊ ဒါပေမဲ့ ရိုဟင်ဂျာတွေ လက်ခံမလားဆိုတဲ့ မေးခွန်းကိုကျ မသိကျိုးကျွန်ပြုနေကြကြောင်းလည်း ဘုန်းတော်ကြီး ချားစ်မောင်ဘိုက ပြောပါတယ်။
ပုပ်ရဟန်းမင်းကြီးအနေနဲ့ ကုလသမဂ္ဂ၊ အီးယူအပါအဝင် နိုင်ငံတကာညီလာခံတခု ကျင်းပရာမှာ ကူညီပေးပြီး ဒီဒုက္ခရောက်နေတဲ့သူတွေကို ကူညီဖို့ ဖြစ်နိုင်ခြေရှိကြောင်း၊ လူတိုင်းက မြန်မာအစိုးရ၊ စစ်တပ်နဲ့ ဗုဒ္ဓဘာသာဝင်တွေ ကိုသာ အပြစ်ပုံချနေပြီး အကူညီနဲ့ အကြံဥာဏ်ပေးဖို့တော့ ဘယ်သူမှမရှိကြောင်းလည်း ပုပ်ရဟန်းမင်းကြီးကို လျှောက်ထားခဲ့တယ်လို့ ပြောပါတယ်။
ဒီအကြံပြုချက်နဲ့ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီးအနေနဲ့ ဗာတီကန်နန်းတော် အတွင်းရေးမှူးချုပ်နဲ့ ညီလာခံကျင်းပဖို့ ဖြစ်နိုင်ခြေ ရှိမရှိ တိုင်ပင်မယ်လို့ ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ ပြီးခဲ့တဲ့ လအနည်းငယ်က မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်ကို အလည်ပတ် လာရောက်ခဲ့ပြီး ရိုဟင်ဂျာဒုက္ခသည်အရေး မကြာခဏ ထုတ်ပြောမိန့်ကြားလေ့ရှိပါတယ်။
ကာဒီနယ် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ချားလ်စ်မောင်ဘိုဟာ ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရိုဟင်ဂျာစကားလုံးကို မသုံးနှုန်းဖို့ တိုက်တွန်းခဲ့သူလည်းဖြစ်ပါတယ်။