PPST အရေးပေါ် အစည်းအဝေး ကျင်းပမည်

2018-01-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အပစ်ရပ် ၈ ဖွဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ အရေးပေါ်အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂၀၁၇ ခုနှစ် မေလ ၁၃ ရက်နေ့ကကျင်းပခဲ့စဉ်
အပစ်ရပ် ၈ ဖွဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ အရေးပေါ်အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂၀၁၇ ခုနှစ် မေလ ၁၃ ရက်နေ့ကကျင်းပခဲ့စဉ်
Photo: Aung Moe Myint/RFA

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ခွင့်မရတဲ့အပေါ် ပြန်လည်ညှိနှိုင်းဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အရေးပေါ် အစည်းအဝေးခေါ်ယူမယ်လို့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဒီနေ့ ပြောပါတယ်။

လာမယ့် ဇန်နဝါရီလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပမှာဖြစ်ပြီး RCSS/SSA အဖွဲ့ရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ခွင့်မရတဲ့ ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းရှာဖို့ဖြစ်တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

‘’လတ်တလော ပူပူနွေးနွေးဆွေးနွေးရမယ့်ဟာက ကျွန်တော်တို့ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ RCSS ပေါ့၊ သူ့မှာ လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲလုပ်ခွင့်ရတယ်၊ ဒါပေမဲ့ အောင်မြင်စွာ မလုပ်နိုင်ဘူးဖြစ်နေတယ်၊ အခက်အခဲအကြောင်းအမျိုးမျိုးကြောင့်ပေါ့လေ၊ နည်းလမ်းရှာဖို့ဖြစ်နိုင်တာပေါ့ဗျာ’’

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက NCA လက်မှတ်ထိုးထားပြီးဖြစ်တဲ့ RCSS/SSA အဖွဲ့က ဦးဆောင်ပြီး ရှမ်းပြည်နယ် ထဲက တောင်ကြီးမြို့အပါအဝင် မြို့နယ်တချို့တို့မှာ အမျိုးသားအဆင့်နိုင်ငံရေး လူထုအကြိုဆွေးနွေးပွဲတွေ ကျင်းပ တာကို တပ်မတော်က ဟန့်တားတာတွေရှိခဲ့တယ်လို့ RCSS/SSA က ဇန်နဝါရီလ ၈ ရက်နေ့က ကြေညာချက် တစ်စောင် ထုတ်ပြန်ထားပါတယ်။

အဲဒီလို လူထုအကြိုအစည်းအဝေးပွဲတွေ လုပ်ခွင့်မရတဲ့အတွက် လင်းခေးမြို့မှာကျင်းပမယ့် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲကိုလည်း ဇန်နဝါရီလ ၁၂ ရက်နေ့မှာစီစဉ်ထားပေမယ့် ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ အဲဒီကြေညာချက်မှာ ထည့်သွင်းထားပါတယ်။

ဒါကြောင့် NCA လက်မှတ်ထိုးထားပြီးဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးအဖွဲ့ ၈ ဖွဲ့တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က အရေးပေါ်အစည်းအဝေး ခေါ်ယူတာဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ထဲက KNLA အဖွဲ့ကလည်း NCA လမ်းကြောင်းက အလုပ် မဖြစ်ကြောင်း၊ လာမယ့် ၂၁ ရာစုပင်လုံညီလာခံကို လိုအပ်သလိုရွှေ့ဆိုင်းပေးဖို့ဆိုပြီး တောင်းဆိုထားတာ ရှိတဲ့အပေါ် အရေးပေါ်အစည်းအဝေးမှာ ဆွေးနွေးဖြေရှင်းဖို့ရှိတယ်လို့ပြောပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

RCSS/SSA ကို ကိုယ်စားပြုပြီးထင်မြင်ချက်ပေးသွားတဲ့ဦးခွန်ဥက္ကာကန့်ကွက်ပါတယ်
ဦးခွန်ဥက္ကာ သည် ရှမ်းလူမျိုှးနှင့်လုံးဝမသက်ဆိုပဲရှမ်း ND အကြောင်းထင်မြင်ချက်ပေးခြင်းကိုလည်းကန့်ကွက်ပါသည်။

Jan 10, 2018 08:56 AM

အမည်မဖော်လိုသူ

ခွန်ဥက္ကာ သည် RCSS/SSA နှင့်မသက်ဆိုင်ပါ။
RCSS/SSA ကိုယ်စားထင်မြင်ချက်များပေးရန်တာဝန်မရှိပါ။

Jan 10, 2018 01:53 AM

ဆိုက်တခုလုံးသို့