အကျဉ်းသား ၃၀၀၀ ကျော် လွှတ်ပေး

2014-10-07
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့ အင်းစိန်ထောင်မှာ အောက်တိုဘာလ ၇ ရက်နေ့က သမ္မတအမိန့်နဲ့ လွတ်မြောက်လာတဲ့ အကျဉ်းသားများကို သယ်ဆောင်လာတဲ့ ကားတစ်စီးကို တွေ့ရစဉ်
ရန်ကုန်မြို့ အင်းစိန်ထောင်မှာ အောက်တိုဘာလ ၇ ရက်နေ့က သမ္မတအမိန့်နဲ့ လွတ်မြောက်လာတဲ့ အကျဉ်းသားများကို သယ်ဆောင်လာတဲ့ ကားတစ်စီးကို တွေ့ရစဉ်
Photo: Thiha Tun, Tun Myint/RFA

ဒီကနေ့ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ ပြစ် ဒဏ်ကျခံနေရတဲ့ နိုင်ငံခြားသား အကျဉ်းသားတွေ အပါအ၀င် အကျဉ်းသား သုံးထောင်ကျော် ကို နိုင်ငံတော်သမ္မတအမိန့်နဲ့ လွှတ်ပေးလိုက်ပါတယ်။

အခုလို လွှတ်ပေးလိုက်တဲ့အထဲမှာ နိုင်ငံရေး အကျဉ်းသားတစ်ဦးပဲ ပါဝင်နေတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးဘိုကြည် က ပြောပါတယ်။

"လောလောဆယ် ကျနော်တို့ ပေးထားတဲ့စာရင်းထဲက တစ်ယောက်ပဲမှန်ပါတယ်၊ မြစ်ကြီးနားထောင်ကပါ၊ သူ့ကို ကေအိုင်အေနဲ့ ဆက်သွယ်တယ်၊ နောက် ဗုံးဖောက်ခွဲမှုဆိုပြီးတော့ စွပ်စွဲပြီးတော့ အဖမ်းခံ ထားရတာပါ၊ စုစုပေါင်း ၅ နှစ် ထောင်ချထားတယ်"

ကချင်ပြည်နယ် အကျဉ်းထောင်တွေက လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတစ်ရာကျော်ထဲမှာ လက်နက်မှုနဲ့ ပြစ်ဒါဏ်ကျခံနေရသူ ၁ ဦးပါတယ်လို့ ကချင်ပြည်နယ် အကျဉ်းဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်လင်းက RFA ကို အတည်ပြုပြောဆိုပါတယ်။

"လွတ်တာအားလုံး ၁၂၁ ယောက်ပါ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄ဝ၁ အပိုဒ်ခွဲ(၁)အရ လွှတ်တာပါ၊ လွတ်ရက်မစေ့သေးခင်မှာ နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ပေါ့၊ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လိုက်တာပါ၊ ဒီအထဲမှာ ကျနော်တို့လွတ်တာကတော့ လက်နက်မှုနဲ့ တစ်ယောက်ပါတာပေါ့"

သီတင်းဝါလကျွတ်တဲ့ကာလမှာ လူသားချင်းစာနာ ထောက်ထားတဲ့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) နဲ့အညီ အခုလို လွှတ်ပေးလိုက်တာဖြစ်ကြောင်း နေပြည်တော်သမ္မတရုံးက ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ လွတ်မြောက်လာသူတွေထဲမှာ မြန်မာနိုင်ငံသား အကျဉ်းသားက ၃၀၁၅ ဦးနဲ့ နိုင်ငံခြားသား အကျဉ်းသားက ၅၈ ဦးပါဝင်ပြီး သူတို့ကို ရန်ကုန် အင်းစိန်၊ မန္တလေး အိုးဘို၊ တောင်ငူ၊ မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအိုနဲ့ ရွှေဘို စတဲ့အကျဉ်းထောင်တွေကနေ လွှတ်ပေးလိုက်တာပါ။

ဒီကနေ့ လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ အရင်စစ်အစိုးရလက်ထက်က အကျဉ်းကျခံထားရတဲ့ ဗိုလ်မှူးချုပ် သိန်းဆွေ၊ ဗိုလ်မှူးကြီးအောင်ဇော်၊ ဗိုလ်မှူးမင်းသူ တို့ပါဝင်တယ်လို့ သိရပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ရာဇဝတ်အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပြုတဲ့အခါ ကြိုတင်ပြင်ဆင်မှုမရှိရင် လူ့အဖွဲ့အစည်းအတွက် တည်ငြိမ်မှုကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

လွှတ်သင့်တာက နိုင်ငံရေးအကျဉ်းသားတွေပါ။
ပြီးမှ လွတ်ရက်စေ့ခါနီးတွေပါ။
ကျန်တာတွေကတော့ တကယ်အပြစ်ရှိလို့ အကျဉ်းကျနေတဲ့ အကျဉ်းသားတွေမို့ လွှတ်လိုက်လို့ အပြစ်ထပ်လုပ်နိုင်ရင် မလွှတ်သင့်ပါဘူး။ (ယတြာခြေချင်ရင် ငါး ၊ ငှက် လွှတ်လိုက်ပါ။)

Oct 07, 2014 08:47 PM

အမည်မဖော်လိုသူ

၂၀၁၅ ရွေးကောက်ပွဲ နီးပြီလေ။ လူဆိုး သူခိုးတွေပေါများပြီး
ရွေးကောက်ပွဲအတွက် အနှောင့်အရှက် ဖြစ်လာရင်တော့ “ရွှေ့”ကောင်း ရွှေ့ရမှာပဲ။ PR စနစ်ကလည်း ဟုတ်တိ ပတ်တိ ပြီးသေးတာ မဟုတ်ဘူး။

Oct 08, 2014 05:10 PM

ဆိုက်တခုလုံးသို့