နိုင်ငံတော်သမ္မတ ဦးထင်ကျော် ရာထူးကနေ နုတ်ထွက်

2018-03-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
သမ္မတရာထူးကနေ နုတ်ထွက်လိုက်တဲ့ ဦးထင်ကျော် ကို တွေ့ရစဉ်
သမ္မတရာထူးကနေ နုတ်ထွက်လိုက်တဲ့ ဦးထင်ကျော် ကို တွေ့ရစဉ်
Photo: AFP

သမ္မတ ဦးထင်ကျော် ဟာ လက်ရှိတာဝန်ကနေ အနားယူလိုတဲ့အတွက် ဒီနေ့ မတ်လ ၂၁ ရက်နေ့စွဲနဲ့ နုတ် ထွက်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

နောက်ဆုံးအခြေအနေအရ ဦးထင်ကျော် ဟာ ခွဲစိတ်ကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းနေတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီနေ့ ပြောပါတယ်။ ဦးထင်ကျော်ဟာ ၂၀၁၇ နှစ်ကုန်လောက်က ထိုင်းနိုင်ငံမှာ ခွဲစိတ်မှုခံယူထားတာဖြစ်ပြီး စင်္ကာပူနိုင်ငံမှာ ဆေးစစ်ချက်အရ ၀မ်းဗိုက်ထဲမှာ အီကိုလိုင်ပိုးတွေ့ တာကလွဲပြီး ကျန်တာအားလုံးကောင်းမွန်ကြောင်းလည်း ပြောပါတယ်။

အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင်ကတော့ ကျန်းမာရေးအရ နုတ်ထွက် တာဖြစ်နိုင်ကြောင်း ပြောပါတယ်။

၂၀၁၆ ခုနှစ် မတ်လ ၁၅ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ဦးထင်ကျော်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခဲ့တာဖြစ်ပြီး သမ္မတ တာဝန်ကို ၂နှစ် ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လစ်လပ်သွားတဲ့ သမ္မတနေရာအတွက် ၇ရက်အတွင်း ပြည်ထောင်စု လွှတ်တော် ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့က ဒုတိယသမ္မတတစ်ဦးကို ထပ်မံရွေးချယ် တင်မြောက်ရမှာဖြစ်ပါတယ်။ လတ်တလောမှာ ဒုတိယသမ္မတ ၁ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်မှာပါ။

လစ်လပ်သမ္မတနေရာအတွက် နာမည်ထွက်နေသူတွေထဲမှာ တစ်ပြေးနေသူက ဦးဝင်းမြင့် ဖြစ်ပါတယ်။ ဒီနေ့မှာပဲ ဦးဝင်းမြင့်ဟာ လက်ရှိပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ကနေ နုတ်ထွက်ကြောင်း လွှတ်တော်ဒုတိယဥက္ကဋ္ဌထံ အကြောင်းကြားစာပေးပို့ထားတဲ့အတွက် သမ္မတနေရာဆက်ခံဖို့ သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင် က သမ္မတအသစ်အတွက် ဘယ်သူ့ကို ခန့်မှန်းလဲလို့ RFA က မေးမြန်းရာမှာ အတိအကျဖြေကြားခြင်း မရှိပေမယ့် ဦးဝင်းမြင့်ကိုတော့ သမ္မတနေရာအတွက် လက်ခံသဘောတူကြောင်း ပြောပါတယ်။ ဦးဝင်းမြင့်ဟာ အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အခုတွေ့ဆုံနေပါတယ်။

လစ်လပ်နေတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် လွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆက်လက်ရွေးချယ်တင်မြှောက်သွားမယ်လို့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဒီနေ့ လွှတ်တော် မှာ ကြေညာခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်ဥက္ကဌ ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေထဲက ရွေးချယ်တင်မြှောက်ရမှာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့