နေအိမ်ဖျက်ခံရသူတွေ သမ္မတကို ကြိုဆိုခွင့်မရ


2013.05.12
မေလ ၁၂ ရက်နေ့က မန္တလေးမြို့ အမျိုးသားကဇာတ်ရုံတွင် ကျင်းပသည့် သမဝါယမကုန်စည်ပြပွဲကို တက်ရောက်လာ သည့် သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်များကို တွေ့ရစဉ်။
Photo/RFA

မန္တလေးမြို့မှာ ကျူးကျော်အိမ်ယာတွေအဖြစ် ပြီးခဲ့တဲ့နှစ်က ဖျက်ဆီးခံခဲ့ရတဲ့ မြရည်နန္ဒာရပ်ကွက်က ဒေသခံ ၂၀ ကျော်ဟာ ဒီကနေ့ မန္တလေးကို ရောက်ရှိလာတဲ့ သမ္မတ ဦးသိန်းစိန်ကို ကြိုဆိုဖို့ အသွားအာဏာပိုင်တွေက လမ်းတဝက်မှာ တားမြစ်ခဲ့ပါတယ်။

ကြိုဆိုရေးဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီးသွားစဉ်မှာ တားမြစ်ခံရတာဖြစ်ကြောင်း ဒေသခံ မသင်းသင်း က RFA ကို ပြောပါတယ်။

"သမ္မတကြီး ကျန်းမာပါစေ၊ ချမ်းသာပါစေဆိုတဲ့စာရွက်နဲ့ ကြိုဆိုဖို့လာတာကို ရဲတွေက အတင်းနှင်လွှတ်တာပဲ၊ ဖုန်းလာတော့ ဖုန်းလာတာကို လမ်းကြောင်းပိတ်တယ် ဖုန်းဆက်ခွင့်မရှိဘူးလို့ ရဲတွေကပြောတယ်၊ ပြည်သူတွေက သမ္မတကြီးကို ကြိုဆိုချင်တာ ကြိုဆိုခွင့်မရှိဘူးလားဆိုတော့ သူတို့ကမရှိဘူးတဲ့၊ ကျမတို့ကလဲ သမ္မတကြီးကို ကြိုချင်လို့လာတာပါ၊ တစ်ခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး"

ကြိုဆိုဖို့သွားရောက်သူတွေကို တံခွန်တိုင်အဝိုင်းနားအရောက်မှာ ပြည်ကြီးတံခွန်မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ ရဲတပ်ဖွဲ့ဝင် ၂၀ လောက်က လာရောက်တားမြစ်ခဲ့ပြီး၊  ကိုင်ဆောင်ထားတဲ့ ပိုစတာတွေ၊ ဗီနိုင်းတွေကိုလည်း သိမ်းဆည်းသွားခဲ့ပါတယ်။

ဒါ့အပြင် ကြိုဆိုသူတွေကို ILOနဲ့ ဆက်သွယ်ဆောင်ရွက်သူများကွန်ရက် (အထက်မြန်မာပြည်) ရုံးခန်းအတွင်း ထိန်းသိမ်းထားခဲ့ရာမှာ သမ္မတ မန္တလေးက ပြန်သွားတဲ့အချိန်ထိဖြစ်တယ်လို့ မသင်းသင်းက ပြောပါတယ်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ မန္တလေးမြို့၊ အမျိုးသားကဇာတ်ရုံမှာ သမဝါယမအသင်းအဖွဲ့တွေကို မိန့်ခွန်းပြောကြားခဲ့ပြီး အမရပူရမြို့မှာရှိတဲ့ ဆောင်းဒါးယက္ကန်းကျောင်းနဲ့ ပြည်ကြီးတံခွန် နို့ချက်စက်ရုံတွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

နေအိမ်ဖျက်ဆီးခံရသူတွေကို သမ္မတခရီးစဉ်အပေါ် ကြိုဆိုခွင့်မပြုတာဟာ မလိုလားအပ်တဲ့ကိစ္စရပ်တွေ ပေါ်ပေါက်မလာအောင် တားဆီးတဲ့အနေနဲ့ ဆောင်ရွက်ရတာဖြစ်တယ်လို့ မြို့နယ်တာဝန်ရှိသူတွေက ပြောဆိုကြောင်းသိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။