သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီ ၁၈ ပါတီ တွေ့ဆုံ


2013.05.05
u-thein-sein-party-leaders-b305 ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်က နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၀ ခုမှခေါင်းဆောင်များ တွေ့ဆုံ စဉ်။
Photo: President Office Website

တိုင်းရင်းသားပါတီတွေနဲ့ နိုင်ငံရေးပါတီတွေ ကို မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ဖိတ်ခေါ်လိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီ ၁၈ ပါတီတို့ ဒီကနေ့ နေပြည်တော်မှာ တတိယအကြိမ်မြောက် တွေ့ ဆုံဆွေးနွေးပွဲကျင်းပရာမှာ အခုလိုဖိတ်ခေါ်လိုက် တာဖြစ်တယ်လို့ ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဌ ဒေါက်တာ အေးမောင်က RFA ကို ပြောပါတယ်။

"သူတို့က ပြည်သူဗဟိုပြုတဲ့ စနစ်တစ်ခုကို သွားနေတယ်၊ နိုင်ငံကိုတည်ဆောက်တဲ့နေရာမှာ အစိုးရချည်းပဲ တည်ဆောက်လို့မရဘူး၊ နိုင်ငံရေး ပါတီတွေလည်း နိုင်ငံတော်ကောင်းဖို့အတွက် ဦးတည်တဲ့လုပ်ငန်းတိုင်းမှာ ပူးပေါင်းပါဝင်ဖို့ မေတ္တာရပ်ခံတယ်၊ အထူးသဖြင့် ပြည်တွင်းစစ်ကြီး၊ ကမ္ဘာမှာ အရှည်ကြာဆုံးဖြစ်တယ်၊ ဒါတွေ ငြိမ်းချမ်းမှ ဖွံ့ဖြိုးနိုင်မယ်၊ ငြိမ်းချမ်းအောင်လို့ ဆောက်နေတယ်၊ ဒါကြောင့် အကုန်လုံးပါဝင်ဖို့လိုတယ်၊ ဒါတွေသူပြောတယ်"

နိုင်ငံရေးပါတီတွေဘက်ကလည်း သမ္မတဦးသိန်းစိန်ကို ငြိမ်းချမ်းရေးကိစ္စရပ်တွေ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကြား စစ်ရေးတင်းမာမှု အခြေအနေတွေ၊ နိုင်ငံသားဖြစ်မှု ဥပဒေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ၊ ရခိုင်အစီရင်ခံစာရဲ့ ကိစ္စရပ်တွေကို ပါတီတစ်ခုချင်းစီက ၅ မိနစ်စီ တင်ပြဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲကို မြန်မာငြိမ်းချမ်းရေးစင်တာက ဖိတ်ကြားထားတဲ့ တိုင်းရင်သားပါတီ ၈ ပါတီနဲ့ နိုင်ငံရေးပါတီကြီး ၁ဝ ပါတီက တက်ရောက်ဆွေးနွေးခဲ့ကြပေမယ့် NLD ပါတီကိုတော့ ဖိတ်ကြားတဲ့အထဲမပါဝင်တဲ့အတွက် တက်ရောက်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ RNDP ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်နဲ့ RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။