ပိတ်ဆို့မှုတွေ အဆုံးသတ်ဖို့ အမေရိကန်အမတ် ထောက်ခံ


2013.05.21
utheinsein-obama-handshake-305.jpg အမေရိကန်သမ္မတ ဘားရက် အိုဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ရှိ သမ္မတ အိမ်ဖြူတော်မှာ မေလ ၂ဝ ရက်နေ့က တွေ့ဆုံဆွေးနွေးကြစဉ်
photo: Myanmar President Office Website

မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုတွေပြုလုပ်ရာမှာ တက်တက်ကြွကြွ ဦးဆောင်ခဲ့တဲ့ အမေရိကန်အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ရီပတ်ဘလီကင်အမတ် မစ်ချ် မက်ကော်နယ်လ် Mitch McConnell က ပိတ်ဆို့အရေးယူမှုတွေကို ထပ်မံသက်တမ်းတိုးဖို့ သူ့အနေနဲ့ တောင်းဆိုတော့မှာမဟုတ်ဖူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သမ္မတအိုဘားမားနဲ့ တနင်္လာနေ့ကတွေ့ဆုံခဲ့တဲ့ သမ္မတဦးသိန်းစိန်ဟာ အမေရိကန်လွှတ်တော် အမတ်တွေကို အင်္ဂါနေ့က မြန်မာနိုင်ငံကို ပြန်လည် မထွက်ခွာခင်  တွေ့ဆုံခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးနောက်မှာ အထက်လွှတ်တော်အမတ် မက်ကော်နယ်လ်က ပိတ်ဆို့မှုတွေကို သက်တမ်းတိုးခြင်းအားဖြင့် မြန်မာနိုင်ငံ က ပြုပြင်ရေးဝါဒီတွေကို ထိခိုက်နစ်နာစေမှာဖြစ်ပြီး တပြိုင်နက်မှာ ပြုပြင်ပြောင်းလဲရေးကို ပျက်ပြားနှေးကွေးအောင် လုပ်ဆောင်နေတဲ့ နောက်ပြန်ဆွဲဝါဒီတွေကို အားပေးအားမြှောက်ပြုရာကျလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ တဆက်တည်းမှာပဲ ခုလိုပိတ်ဆို့မှုတွေကို ရုပ်သိမ်းခြင်းအားဖြင့် အမေရိကန်စီးပွားရေးလုပ်ငန်းတွေဟာ မြန်မာနိုင်ငံမှာ ဥရောပနဲ့ သြစတြေးလျကုမ္ပဏီတွေကို တန်းတူယှဉ်ပြိုင်နိုင်မှာဖြစ်တယ်လို့လည်း မစ်ချ် မက်ကော်နယ်လ်က ပြောပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ကျောက်မျက်တွေ အမေရိကန်ပြည်ထောင်စုတင်ပို့မှုကိုတော့ ဆက်လက်ပိတ်ပင်ထားသင့်တယ်လို့ ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ကို ဒီမိုကရက်တစ်ပါတီဝင် အမေရိကန်လွှတ်တော်အမတ် ၄ ဦးကလည်း မနေ့ကသီးခြားတွေ့ဆုံ ခဲ့ပါတယ်။ အဲဒီအမတ်တွေကတော့ ဦးသိန်းစိန်ကို လက်ရှိနိုင်ငံရေးအကျဉ်းသား ၂၅ဝ ခန့်ပါဝင်တဲ့ စာရင်းတစ်ခုပေးအပ်ပြီး မြန်မာပြည်ရဲ့ အနာဂတ်မှာ ပါဝင်အကျိုးပြုနိုင်ရေးအတွက် အဲဒီလူတွေကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့လိုကြောင်း ပြောဆိုခဲ့ကြပါတယ်။ အဲဒီဒီမိုကရက်တစ် အမတ်တွေထဲမှာ နာမည်ကျော်အမတ်တွေဖြစ်ကြတဲ့ Nancy Pelosi နဲ့ Joseph Crowley တို့ပါဝင်ပြီး၊သူတို့က တိုင်းရင်းသားဒေသတွေက မငြိမ်မသက်မှုတွေကို အဆုံးသတ်ရေးအတွက်လည်း သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း နှစ်ရှည် နိုင်ငံရေးအကျဉ်းသားဟောင်းတွေဖြစ်ကြတဲ့ ဦးမင်းကိုနိုင်နဲ့ ဦးကိုကိုကြီးတု့ိ နှစ်ဦးလည်း သမ္မတဦးသိန်းစိန် ရောက်ရှိပြီးနောက်တနေ့ဖြစ်တဲ့ မေလ ၁၉ ရက်နေ့ကစတင်ကာ ဝါရှင်တန် ဒီစီမြို့တော်ကို ရောက်ရှိနေကြပါတယ်။

ဝါရှင်တန်အခြေစိုက် ရှေးရိုးဝါဒီအမေရိကန်ပညာရှင်အဖွဲ့ဖြစ်တဲ့ Heritage Foundation ရဲ့ အာရှလေ့လာရေးဌာန ညွန်ကြားရေးမှူး Walter Lohman ကတော့ ကျနော်တို့ အမေရိကန်တွေရဲ့ ပံ့ပိုးမှုတွေဟာ သမ္မတဦးသိန်းစိန်ကို တကယ်ကူညီရာကျပါ့မလားဆိုတာ ကျနော်မသိပါဖူး။ ဒါပေမယ့် မြန်မာပြည်မှာ လူ့အခွင့်အရေးအတွက် လက်ရှိလှုပ်ရှားကြိုးစားနေဆဲဖြစ်တဲ့သူတွေအတွက်တော့ ဒါဟာအားပျက်စရာ လက္ခဏာတစ်ခု ဖြစ်သွားနိုင်ပါတယ်။ တကယ်လို့ လာမယ့် ၂ဝ၁၅ မှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်မလာဖူးဆိုရင် ကျနော်တု့ိတော့ တက်တက်စင်လွဲပါပြီလို့ ဝေဖန်လိုက်ပါတယ်။

အမေရိကန် အောက်လွှွတ်တော်အမတ် Joseph Crowley ကလည်း မြန်မာပြည်ထွက် ကျောက်မျက်တွေ အမေရိကန် တင်ပို့ရောင်းချမှုပိတ်ပင်တဲ့ဥပဒေကို အသေအချာဆက်လက်ထားရှိစေလိုကြောင်း ပြောကြားတယ်လို့ သိရပါတယ်။ ဒီအတောအတွင်းမှာပဲ မြန်မာနဲ့ အမေရိကန်ပြည်ထောင်စုအကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို မနေ့က ချုပ်ဆိုခဲ့ကြပါတယ်။

အဲဒီကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သဘောတူညီချက်ကို မြန်မာနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပွင့်စန်း နဲ့ အမေရိကန် ကုန်သွယ်မှုကိုယ်စားလှယ်ဌာန USTR အကြီးအကဲ Demetrios Marantis တို့ လက်မှတ်ထိုးခဲ့ပါတယ်။ USTR ဌာနဟာ အမေရိကန်ပြည်ထောင်စုမှာ ဝန်ကြီးဌာနတခုနည်းတူ သတ်မှတ်ထားတဲ့ဌာနဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ကို အမေရိကန် ဝါဏိဇ္ဇအသင်းနဲ့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီက မေလ ၂ဝ ရက်နေ့က ညစာနဲ့တည်ခင်းဧည့်ခံခဲ့ရာမှာ ဝါဏိဇ္ဇအသင်းရဲ့ အာရှတိုက်ဆိုင်ရာ ဒု ဥက္ကဌ Tami Overby က အခုဆိုရင် အမေရိကန်အစိုးရက ပိတ်ဆို့မှုတွေကို လျှော့ချပေးခဲ့တဲ့အတွက် အမေရိကန် စီးပွားရေးလုပ်ငန်းတွေ မြန်မာပြည်မှာ ဝင်ရောက်လုပ်ကိုင်ဖို့ ကြီးမားတဲ့အခွင့်လမ်းတွေ ရရှိခဲ့ပြီဖြစ်ကြောင်း၊ အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ ကျွမ်းကျင်မှုဆိုင်ရာသင်တန်းတွေ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးတွေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စတွေကို ပံပိုးနိုင်မှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဝါရှင်တန် ဒီစီမြို့တော်ကနေ မြန်မာနိုင်ငံကို မနေ့က ပြန်လည်ထွက်ခွာသွားပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်း အမေရိကန်အစိုးရက ကတိပြုကြေညာခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေနဲ့ပတ်သက်ပြီး ဦးသစ်ဆင်းက စုစည်းတင်ပြမှာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။