သတင်းပိတ်ပင်မှုကိစ္စ တွေ့ဆုံ ရှင်းပြဖို့ တပ်မတော်ကို စာနယ်ဇင်းကောင်စီ တောင်းဆို
2015.05.05
နေပြည်တော်မှာ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့တို့ တွေ့ဆုံခဲ့စဉ်။
ဦးဖုန်ကြားရှင်ရဲ့ MNDAA ကိုးကန့်တပ်မတော်နဲ့ ပတ်သက်တဲ့ သတင်းတွေကို မီဒီယာတွေမှာ မဖော်ပြဖို့ အစိုးရတပ်မတော်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ထံ အကြောင်းကြားထားမှုနဲ့ ပတ်သက်လို့ သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံရှင်းပြဖို့ စာနယ် ဇင်းကောင်စီ (ယာယီ) က ဒီကနေ့ အကြောင်းပြန်လိုက် ပါတယ်။
တပ်မတော်ရဲ့ အကြောင်းကြားစာအပေါ်မှာ မေးခွန်း ထုတ်စရာတွေ ရှိနေတာကြောင့် တိုက်ရိုက်တွေ့ဆုံဖို့ အကြောင်းပြန်လိုက်တာဖြစ်တယ်လို့ စာနယ်ဇင်းကောင် စီ(ယာယီ) ရဲ့ ဒုတိယဥက္ကဌ ဦးဖိုးသောကြာက ပြော ပါတယ်။
"အဘတို့ကတဆင့် တခြားမီဒီယာများ ကို ပြန်လည်ရှင်းပြဖို့ကြတော့ အဘတို့ကိုယ်တိုင် နားမလည်တာ ၃၊ ၄ ချက်လောက်ပါနေတယ်၊ ခင်ဗျားတို့ကိုယ်တိုင် မီဒီယာတွေနဲ့ တွေ့ဆုံပြီးတော့ ကြေညာချက် နဲ့ ပတ်သက်တဲ့အဓိပ္ပာယ်ကို ရှင်းပြပေးဖို့ မေတ္တာရပ်ခံပါတယ်လို့ အဘတို့ကပြန်ပြီးတော့စာပို့တယ်"
၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ MNDAA ဟာ မတရားအသင်းအဖြစ် သတ်မှတ်ခံထားရတဲ့အဖွဲ့ဖြစ်တာကြောင့် သူတို့ရဲ့သတင်းတွေကို သတင်းမီဒီယာတွေအနေနဲ့ မဖော်ပြဖို့ တပ်မတော်က စာနယ်ဇင်းကောင်စီ(ယာယီ)ထံ ပြီးခဲ့တဲ့ မေလ ၃ရက်နေ့က အကြောင်းကြားခဲ့တာဖြစ်ပါတယ်။
အစိုးရတပ်မတော် နဲ့ MNDAA တပ်တို့ဟာ လောက်ကိုင်မြို့အနီးတဝိုက်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး တိုက်ပွဲတွေမကြာခဏ ဖြစ်ပွားနေတာပါ။









