မြန်မာနိုင်ငံစာနယ်ဇင်း လွတ်လပ်မှု မရှိသေး

စာနယ်ဇင်း လွတ်လပ်မှု အဆိုးဝါးဆုံး ထိပ်ပိုင်း ၁၀ နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံဟာ နံပါတ် ၇ နေရာမှာ ရှိနေကြောင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့အခြေစိုက် CPJ စာနယ်ဇင်းသမားများ ကာကွယ်ရေး ကော်မတီက ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။

2012.05.02

သတင်းမီဒီယာနဲ့ စာနယ်ဇင်း လွတ်လပ်မှု အနည်းဆုံး လေး နိုင်ငံကတော့ Eriteria (အီရစ်တြီးယား)၊ မြောက်ကိုရီးယား၊ ဆီးရီးယားနဲ့ အီရန်နိုင်ငံတို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အရင်တုန်းက CPJ အဖွဲ့က ထုတ်ပြန်တဲ့ စာရင်းမှာ နံပါတ် ၂ နေရာမှာ ရှိနေခဲ့ရာက အခုဆိုရင် နံပါတ် ၇ နေရာမှာ ရောက်နေပြီဖြစ်တဲ့အတွက် သတင်းမီဒီယာ စာနယ်ဇင်းနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ထိန်းချုပ်မှု လျော့နည်းလာတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ ရုပ်သံ သတင်းမီဒီယာတွေကို အစိုးရက တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားဆဲ ဖြစ်သလို၊ ပုံနှိပ်မီဒီယာတွေ ဖြစ်တဲ့ ဂျာနယ်တွေကိုလည်း တစ်ပတ်တစ်ခါသာ ခွင့်ပြုထားပြီး နေ့စဉ်ထုတ်ဝေခွင့် မပြုသေးဘူးလို့ CPJ အစီရင်ခံစာက ဖော်ပြပါတယ်။

မြန်မာအစိုးရနဲ့ စစ်တပ်ကို တိုက်ရိုက်ထိခိုက်နိုင်မယ့် သတင်းမျိုးကိုလည်း အစိုးရ ဆင်ဆာဘုတ်အဖွဲ့က ပုံနှိပ်ထုတ်ဝေခွင့် တားမြစ်ထားဆဲ ဖြစ်တဲ့အပြင် ကချင်ပြည်နယ်က စစ်ပွဲတွေအကြောင်းကိုလည်း လုံးဝဖော်ပြခွင့် မပြုသေးဘူးလို့ ဆိုပါတယ်။

နိုင်ငံခြား သတင်းဌာနမှာ တာဝန်ထမ်းဆောင်နေကြတဲ့ မြန်မာသတင်းထောက်တွေဟာ အစိုးရရဲ့ စောင့်ကြည့်မှုအောက်မှာ အမြဲရှိနေသေးသလို နိုင်ငံတကာ သတင်းဌာနတွေကိုလည်း အစိုးရကစီစဉ်တဲ့ ပွဲမျိုးတွေကိုသာ ပြသဖို့ ခွင့်ပြုလေ့ရှိတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။