ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်၊ နိုင်ငံပြင်ပထွက်ပြေး
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ရာထူးကနေ နုတ်ထွက်ပြီး၊ နိုင်ငံပြင်ပကို ထွက်ပြေးသွားပြီလို့ ဒေသတွင်းသတင်းတွေက အတည်ပြု ဖော်ပြပါတယ်။
ဝန်ကြီးချုပ်ရှိတ်ဟာစီနာကို ဖြုတ်ချဖို့ နိုင်ငံတစ်ဝန်း လူထောင်သောင်းချီ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပြီးနောက် အခုလို တိုင်းပြည်က ထွက်ပြေးရတာ ဖြစ်ပါတယ်။
ရှိတ်ဟာစီနာဟာ သူ့ရဲ့ ညီမဖြစ်သူနဲ့အတူ စစ်ရဟတ်ယာဉ်တစ်စင်းနဲ့ တိုင်းပြည်ပြင်ပထွက်ပြေးသွားတာလို့ အယ်ဂျာဇီးယားသတင်းက ဖော်ပြပါတယ်။
ရှိတ်ဟာစီနာ ထွက်ပြေးသွားပြီဖြစ်တာကြောင့် ကြားဖြတ်အစိုးရတစ်ရပ်ဖွဲ့ဖို့ရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်စစ်တပ်အကြီးအကဲက ဒီနေ့ညနေမှာပဲ ပြောလိုက်ပါတယ်။
တစ်နိုင်ငံလုံး ညမထွက်ရ အမိန့်ထုတ်ထားပေမဲ့ အဲဒီအမိန့်ကို ဖီဆန်ပြီး ဆန္ဒပြတဲ့သူတွေဟာ ဩဂုတ်လ ၅ ရက် ဒီနေ့ ဒါကာမှာရှိတဲ့ ဝန်ကြီးချုပ်နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။
အစိုးရအလုပ်တွေမှာ စစ်ပြန်မျိုးဆက်တွေ ခွဲတမ်းနဲ့ အလုပ်ပြန်ခန့်တဲ့စနစ်ကို မကျေနပ်လို့ ပြီးခဲ့တဲ့လထဲမှာ ကျောင်းသားတွေ ဦးဆောင်ဆန္ဒပြရာကနေ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အကြီးအကျယ်ပေါ်ပေါက် လာတာပါ။
ဆန္ဒပြပွဲတွေအတွင်း လူပေါင်း သုံးရာထက်မနည်း သေဆုံးခဲ့ရတယ်လို့ နိုင်ငံတကာသတင်းတွေက ပြောပါတယ်။