ပုဂ္ဂလိကကျောင်းများ တိုးလာသော်လည်း လူနည်းစုအတွက်သာဖြစ်နေ

ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် နိုဝင်ဘာလက စပြီး မြန်မာနိုင်ငံမှာ ပုဂ္ဂလိက ကျောင်းတွေ တရားဝင် ခွင့်ပြုဖို့ အာဏာပိုင်တွေက စဉ်းစားနေကြောင်း၊ ပုဂ္ဂလိက ပညာရေးဆိုင်ရာ ဥပဒေတွေလည်း ထွက်ပေါ်လာတော့မှာ ဖြစ်ကြောင်း ဆိုတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့ပေမဲ့ အခုထိ ဥပဒေအဖြစ် ထွက်မလာသေးပဲ ညွှန်ကြားချက်တွေပဲ ထွက်ပေါ်ခဲ့ပါတယ်။

2011.05.16
children_school_network_305_z.png မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်တွင် ကျောင်းမနေနိုင်သော ကလေးသူငယ်များအတွက် လူငယ်ကွန်ရက် အဖွဲ့များ ပူးပေါင်း ချိတ်ဆက်ကာ မတ်လ ၁ ရက်နေ့က ဖွင့်လှစ်သော နွေရာသီ ပညာဒါန သင်တန်း မြင်ကွင်း ဖြစ်ပါသည်။ (Photo: RFA Listener)
Photo: RFA Listener

အဲဒီနောက် ညွှန်ကြားချက်တွေအောက်မှာ ၅ တန်းကနေ ၉ တန်းအထိ ဖွင့်ခွင့်ရခဲ့တဲ့ ပုဂ္ဂလိက ကျောင်း ၉ ကျောင်း ရှိခဲ့ရာက အခုအခါ အရေအတွက် တိုးလာဖွယ် ရှိတယ်လို့ သိရပါတယ်။

လာမယ့်ဇွန်လ ၁၅ ရက်နေ့မှာ ဖွင့်လှစ်မယ်လို့ ကြေညာထားတဲ့ Myanmar Nobel College ကတော့ ၁၀ တန်း အောင်ပြီးသူတွေအတွက် အင်ဂျင်နီယာနဲ့ တခြား ဘာသာရပ်တွေ သင်ကြားပေးမယ်လို့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

“၁၀ တန်း အောင်ပြီးသား ကလေးတွေအတွက်က engineering ဆိုလည်း civil တို့၊ mechanical တို့ပေါ့နော်။ business ဆိုလည်း business ။ Information Technology အဲလိုမျိုး ဘာသာရပ်တွေထဲက ဝါသနာပါတဲ့ ဘာသာရပ်တခုကို ရွေးချယ်ပြီးတော့ foundation year 1, year 2 ဆိုပြီး နှစ်နှစ်တက်ရပါမယ်ရှင်။ ဘယ်ဘာသာရပ်ပဲ ဖြစ်ဖြစ်ပေါ့နော်၊ တလကို ၃ သိန်း ရှိပါတယ်။ ဖောင်ဒေးရှင်း တက်မဲ့ ကလေးတွေအတွက်က ၅ လကို ၁၅ သိန်း ရှိပါမယ်။ အဲဒီအတွက် ပထမအရစ်အနေနဲ့ ၇ သိန်းခွဲ သွင်းပြီးတော့ ကျောင်းအပ်လို့ ရပါတယ်။ ပြည်ပမှာ ထွက်ပြီးတော့ သင်နေတဲ့ ကလေးတွေအတွက်သည် ဥပမာ ပြည်ပမှာ တနှစ်ကို သိန်း ၁၅၀ ကုန်သော်လည်း ဒီမှာ ကိုယ့်နိုင်ငံမှာ နေပြီးတော့ ဒီပညာရပ်ကို သင်ခြင်းအားဖြင့် ငွေကြေးကုန်ကျမှု သက်သာသွားတယ်ပေါ့နော်။”

အခုလို ပုဂ္ဂလိက ကျောင်းတွေ ပေါ်ပေါက်လာတာဟာ အပြောင်းအလဲတခုလို့ ဆိုနိုင်ပေမဲ့ မြန်မာ့ပညာရေး စနစ်ကြီး တခုလုံး ပြောင်းလဲနိုင်တဲ့ မူဝါဒမျိုး ချမှတ်ဆောင်ရွက်နိုင်မှ တကယ့် အပြောင်းအလဲ ဖြစ်နိုင်မယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးပါရဂူ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

“ပုဂ္ဂလိကကျောင်းတွေ ခွင့်ပြုတာ ဒါ အပြောင်းအလဲတွေထဲက တခုပေါ့။ ဒီ ပုဂ္ဂလိက လွတ်လပ်ခွင့် ရှိလာတာ ကြိုဆိုတယ်။ ဒါပေမဲ့ ပုဂ္ဂလိကကျောင်း ဖြစ်တယ်ဆိုတာ ဒါ အနည်းစု ကျောင်းကလည်း နည်းနည်းပဲ၊ တတ်နိုင်တဲ့လူကလည်း နည်းနည်းပဲ။ မိဘဝင်ငွေ ကောင်းတဲ့ ကျောင်းသားတချို့ပဲ တက်နိုင်တယ်။ အများစုကြီးက ပုဂ္ဂလိကကျောင်း မတက်နိုင်ဘူး။”

“မြန်မာနိုင်ငံ ပညာရေး အပြောင်းအလဲဆိုရင် ကျောင်းသားအများစုကြီး ပညာကောင်းကောင်းရအောင် အပြောင်းအလဲ လုပ်ဖို့လိုတယ်။ ပထမအဆင့်က ကလေးတိုင်း ပညာသင်နိုင်ဖို့ လိုတယ်။ နောက်တဆင့်က သင်တဲ့ပညာက အရည်အချင်းရှိတဲ့ ပညာရအောင် သင်ဖို့ လိုတယ်။ ဆိုတော့ ပုဂ္ဂလိကကျောင်း တခုတည်း ခွင့်ပြုရုံနဲ့ မြန်မာနိုင်ငံ ပညာရေး ပြောင်းသွားပြီလို့ ကျွန်တော်တို့ မခေါ်နိုင်သေးဘူး။ ဒါက ကဏ္ဍတခုပဲ ရှိတယ်။”

မြန်မာနိုင်ငံမှာ ပုဂ္ဂလိကကျောင်းတွေ တိုးလာပေမဲ့ လူငယ်အများစု လက်လှမ်းမမီနိုင်သေးပဲ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ တည်ထောင်ထားတဲ့ ဗေဒါကျေင်းလို ပညာရေးဒါန ကျောင်းမျိုးကိုတော့ အာဏာပိုင်တွေက ခြိမ်းခြောက် နှောင့်ယှက်နေကြဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။