ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မုချနိုင်မည်ဟု ဇေကမ္ဘာ ဦးခင်ရွှေပြောကြား

စစ်အစိုးရရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကနေ ဝင်ရောက် ယှဉ်ပြိုင်မဲ့ ထိပ်သီး စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာ ဦးခင်ရွှေက နိုဝင်ဘာ ၇ ရက်နေ့ ကျင်းပမဲ့ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မုချ အနိုင်ရမှာ ဖြစ်တယ်လို့ RFA ကို စက်တင်ဘာ ၂၈ ရက် ဒီကနေ့ ပြောဆိုပါတယ်။

2010.09.28
USDP_election_party_305_z စစ်အစိုးရက ထောက်ပံ့ အားပေးနေသော ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ၏ ရုံးများကို မြန်မာနိုင်ငံ မြို့ရွာအတော်များများတွင် သြဂုတ်လ ၂၀ ရက်က ဖွင့်လှစ်ခဲ့ရာ မိုးကုတ်မြို့ရှိ ဆိုင်းဘုတ်တင် ရုံးဖွင့်ပွဲ အခမ်းအနားကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

“ဘယ်လိုပဲဖြစ် လာမဲ့ ရွေးကောက်ပွဲကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးကပဲ နိုင်မှပဲ။ လက်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးက လုပ်နေတဲ့ လုပ်ငန်းပေါ့လေ၊ သူ့ကို နိုင်ငံတော်က လုပ်နေတဲ့ လုပ်ငန်းတွေကလည်း တော်တော်များများ ပြီးမြောက်နေပြီ။ ဥပမာ၊ လုံခြုံရေးကအစ အကုန်လုံးက တတိုင်းပြည်လုံး အတိုင်းအတာနဲ့ အေးချမ်းတာတွေ ဖြစ်နေပြီဗျာ။”

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ နိုင်ငံပိုင် ငွေကြေးသုံးစွဲမှု၊ အာဏာအသုံးပြု မဲဆွယ်စည်းရုံးမှု၊ ပါတီဝင် အဓမ္မ စုဆောင်းမှု စတာတွေ အပါအဝင် တခြားနိုင်ငံရေး ပါတီတွေ မမျှော်လင့်နိုင်တဲ့ အခွင့်အရေးတွေ ရရှိနေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ ဇေကမ္ဘာ ဦးခင်ရွှေကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ လုပ်ရပ်တွေထဲမှာ မတရားတာ မတွေ့မိဘူး ပြောပါတယ်။

လာမဲ့ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရမယ်ဆိုတဲ့ ပြောဆိုချက်အပေါ် တခြားနိုင်ငံရေးပါတီ ခေါင်းဆောင်တွေက သံသယ ရှိပါတယ်။ ဒီမိုကရက်တစ်ပါတီ-မြန်မာရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ဒီရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ နိုင်ခြေမရှိဘူးလို့ သုံးသပ်ပါတယ်။

“ကျွန်တော်တို့ သိသလောက်ပေါ့နော်၊ ရပ်ကွက်တွေ၊ မြို့နယ်တွေ ဆင်းသွားတဲ့အခါမှာ လူထုရဲ့ သဘောထားတွေ သိရသလောက်ဆိုရင် သူတို့က ကြံ့ခိုင်ရေးပါတီ ဆိုတာကိုတော့ မဲမပေးချင်ဘူးပေါ့နော်။ အဲဒီတော့ သူတို့ကိုတော့ ခင်ဗျားတို့ ယှဉ်ပြိုင်ရင်တော့ ကျွန်တော်တို့က တွက်လို့ရတာကတော့ ကြံ့ခိုင်ရေး နိုင်နိုင်တဲ့ အခြေအနေ မရှိပါဘူး။ ကျွန်တော်တို့ အများကြီး နိုင်နိုင်ပါတယ်။”

၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ မုချ အနိုင်ရလိမ့်မယ်လို့ စစ်အစိုးရက ကြိုတွက်ထားခဲ့ပေမဲ့ တကယ်တမ်း ယှဉ်ပြိုင်တဲ့အခါ ပြည်သူတွေက အန်အယ်ဒီပါတီကို အပြတ်အသတ် မဲပေးခဲ့ကြတဲ့အတွက် ဒီနှစ်ရွေးကောက်ပွဲမှာလည်း ကြံ့ခိုင်ရေးပါတီ အနိုင်ရလိမ့်မယ်လို့ တပ်အပ် မပြောနိုင်ကြောင်း လေ့လာသူတွေက ပြောပါတယ်။ အခုနှစ် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ဒေါက်တာ တင်ထွန်းဦး၊ တက္ကသိုလ် တင်ခ စတဲ့ စာပေနယ်က ပုဂ္ဂိုလ်တွေ၊ ဇေကမ္ဘာ ဦးခင်ရွှေ၊ ယုဇန ဦးဌေးမြင့် စတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ ရွေးကောက်ပွဲ ဝင်ကြမှာ ဖြစ်ပါတယ်။

 ရန်ကုန်တိုင်းဒေသကြီးကနေ ဝင်ရောက်ယှဉ်ပြိုင်မဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်လောင်း ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေနဲ့ RFA မှ ဦးကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။