စာရေးဆရာ သားဂျာနယ်ကျော် ကွယ်လွန်

ဂျာနယ်ကျော် ဦးချစ်မောင်နဲ့ ဂျာနယ်ကျော် မမလေးတို့ရဲ့ သားထွေး ကဗျာဆရာ၊ စာရေးဆရာ ဦးမိုးဟိန်းဟာ လည်ချောင်း ကင်ဆာရောဂါနဲ့ စက်တင်ဘာ ၂၃ ရက် ဒီမနက်မှာ ကွယ်လွန်သွားပါတယ်၊

2010.09.23
moe_hein_tin_moe_swanyi_305_z.jpg ကဗျာဆရာ၊ စာရေးဆရာ သားဂျာနယ်ကျော် ခေါ် ဦးမိုးဟိန်း (ဝဲ) အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိစဉ်က မြန်မာစာပေ ပညာရှင်ကြီးများ ဖြစ်သော ကဗျာဆရာ တင်မိုး (အလယ်)၊ မောင်စွမ်းရည် (ယာ) တို့နှင့်အတူ တွေ့ရသော မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: RFA )
(Photo: RFA )

အသက် ၆၇ နှစ် ရှိပြီြ ဖစ်တဲ့ သားဂျာနယ်ကျော်ခေါ် ဦးမိုးဟိန်းနဲ့ ရင်းနှီးတဲ့ မိတ်ဆွေ ကဗျာဆရာ တဦးက ဦးမိုးဟိန်းဟာ ရွှေဂုံတိုင် အထူးကုဆေးခန်းမှာ ကုသနေရင်းနဲ့ ဒီမနက် ၉ နာရီမှာ ဆုံးပါးသွားကြောင်း ပြောပြပါတယ်၊

ဦးမိုးဟိန်းဟာ အလုပ်က နုတ်ထွက်လိုက်ပြီးတဲ့နောက် လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီး စာပေ၊ ဘာသာရေးနဲ့ ပရဟိတလုပ်ငန်းတွေကို ဇောက်ချ လုပ်ကိုင်နေတာလို့ သမီးဖြစ်သူ ဒေါ်ဟိန်းမြတ်ဟန်က ပြောပါတယ်၊

“အမှန် အဖေက နာဂစ်မတိုင်ခင်ကတည်းက လုပ်တာပါ။ ပရဟိတအလုပ်ကို သူလုပ်တာပါ။ သူ ပထမတော့ အင်ဒိုနီးရှား သံရုံးမှာ ဝန်ထမ်းလုပ်ခဲ့တယ်ပေါ့နော်။ သူအနားယူပြီးတော့ ဒီ ပရဟိတနဲ့ စာပေရယ်၊ သာသနာရယ် သုံးခုကို သူလုပ်ခဲ့ပါတယ်။ သာသနာအနေနဲ့တော့ သူက ကမ္ဘာအေး ပရိယတ္တိ တက္ကသိုလ်မှာ သူပြခဲ့ပါတယ်။ ပြီးတော့ ပရဟိတအနေနဲ့တော့ မေမြို့မှာရှိတဲ့ ဒဟတ် ပရဟိတမှာ သွားပြီးတော့ သူလုပ်တာပါ။ အဲဒါ နာဂစ်မတိုင်ခင်ကတည်းကပါ။ ပရဟိတမှာ စာနဲ့ ပတ်သက်ပြီးတော့ အင်္ဂလိပ်စာတွေ၊ ကွန်ပျူတာ သင်တန်းတွေ၊ ဒါတွေကို သူ လုပ်ခဲ့ပါတယ်။ နာဂစ်က ကလေးတွေကိုလည်း ခေါ်ပြီး ပညာသင်ပေးတာလည်း ရှိပါတယ်။”

ဦးမိုးဟိန်းဟာ ပန်းချီဦးမျိုးခင် ထူထောင်တဲ့ မေမြို့ စည်သာရွာ ဒဟတ် စံပြ ပရဟိတပျိုးခင်းမှာ ကျောင်းသားတွေကို အခမဲ့ အင်္ဂလိပ်စာ သင်ကြားပေးသူ ဖြစ်ပါတယ်၊

နွားထိုးကြီးနဲ့ မြင်းခြံကြား ရွှေဂူကြီး တောရကျောင်းဝင်းမှာလည်း ဉာဏ်တော် ၃၆ ပေ အကျယ် ၃၆ ပေရှိတဲ့ မဟာပရိတ္တ စေတီတော်ကို ကမကထလုပ် တည်နေသူလည်း ဖြစ်ပါတယ်၊

ဦးမိုးဟိန်းရဲ့ အစ်မ ဒေါက်တာခင်လေးမြင့်ဟာလည်း ထင်ရှားတဲ့ ပြင်သစ်ဘာသာ ပါရဂူဖြစ်ပြီး ၂၀၀၇ ခုနှစ်က ကွယ်လွန်ခဲ့ပါတယ်၊ ဦးမိုးဟိန်းရဲ အစ်ကို ကွယ်လွန်သူ ဦးသိန်းတန်ဟာ နှမလက်လျှော့နေလေတော့ ရုပ်ရှင်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်၊

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။