အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ မူကြမ်း ရေးဆွဲပြီးဖြစ်


2018.03.13
violence-against-women-622.jpg နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေးနေ့ အခမ်းအနားကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က လွိုင်ကော်မြို့မှာကျင်းပစဉ်
Photo: RFA

အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိ ချမှတ်နိုင်တဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းကို လူမှုဝန်ထမ်းဦးစီးဌာနက ရေးဆွဲပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးထံ ပေးပို့လိုက်ပါတယ်။

အဲဒီဥပဒေမူကြမ်းမှာ အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှု ကျူးလွန်ရင် အမြင့်ဆုံးသေဒဏ်အထိပါပြီး မသန်စွမ်းအမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပေါ်မှာ ကျူးလွန်ရင် အမြင့်ဆုံး ထောင်ဒဏ်တစ်သက်အထိချမှတ်ဖို့ ထည့်သွင်းထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာန၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲက ညွှန်ကြားရေးမှူး ဒေါ်နော်သဝါး က ပြောပါတယ်။

"ဥပဒေရေးတယ်ဆိုရင် ဝန်ကြီးဌာနက ဦးဆောင်ရေးတဲ့ဟာဆိုရင် ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ဥပဒေရေးရာနဲ့ ပတ်သက်ပြီးတော့ စိစစ်ရပါတယ်ရှင့်၊ အဲအတွက်ကြောင့်မို့ ကျမတို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ပေးပို့ထား ပါတယ်၊ ပြစ်ဒဏ်တွေကတော့ အမြင့်ဆုံးသေဒဏ်အထိပါပါတယ်၊ အနိမ့်ဆုံးကတော့ ခံဝန်ပေါ့နော်၊ ဥပမာပေါ့ နော်၊ ကလေးသူငယ်တို့ မသန်စွမ်းအမျိုးသမီးတို့အပေါ်မှာ ကျူးလွန်ရင် အနိမ့် ဆုံးထောင်ဒဏ် နှစ် ၂၀ ကနေ အမြင့်ဆုံးထောင်ဒဏ်တစ်သက်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်လို့ ထည့်သွင်းထားပါ တယ်၊ ထောင်ဒဏ်တစ်သက်ဆိုတာကတော့ အကျဉ်းထောင် မှာ သေဆုံးတဲ့အထိ ပြစ်ဒဏ်ကျခံစေရန် ချမှတ်တဲ့ ထောင်ဒဏ်ဆိုပြီးတော့ ကျမတို့ အဲလိုမျိုး ဖော်ပြထား ပါတယ်။"

ပြည်ထောင်စုရှေ့နေချုပ်ရုံးဘက်က စိစစ်ပြီးရင် လွှတ်တော်ကို ဆက်လက်တင်သွင်းရမှာဖြစ်ပြီး လွှတ်တော်က အတည်ပြုလိုက်ရင် နည်းဥပဒေတွေ ဆက်ပြီးရေးဆွဲရမှာဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီဥပဒေမူကြမ်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ကာ အရပ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ၂၀၁၄ ခုနှစ်က စတင်ရေးဆွဲခဲ့တာဖြစ်ပါတယ်။ အခန်း ၁၉ ခန်းနဲ့ ပုဒ်မပေါင်း ၈၄ ခု ပါဝင်တယ်လို့ သိရပါတယ်။

ဥပဒေပြဋ္ဌာန်းပြီးတဲ့အခါ အများပြည်သူ ကျယ်ကျယ်ပြန်ပြန့်သိရှိဖို့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီရဲ့ ဦးဆောင်မှုနဲ့ အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်သွားဖို့ရှိတယ်လို့  ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂက ပြဌာန်းထားတဲ့ CEDAW ခေါ် အမျိုးသမီးများကို နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားပါတယ်။

CEDAW စာချုပ်ကို နိုင်ငံပေါင်း ၁၈၇ ခုက လက်မှတ်ရေးထိုးထားပြီး မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်က ပါဝင် လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။