အဝေးသင် အနီးကပ် ၁၀ ရက် နှစ်ကြိမ်ခွဲ တက်ရမယ့်ကိစ္စ ကျောင်းသားတွေ ကန့်ကွက်

2019.05.13
ude-mdy-protest-622.jpg အဝေးသင်ပညာရေး အနီးကပ် သင်တန်း ၁၀ ရက်ကို နှစ်ကြိမ်ခွဲပြီး တက်ရောက်တဲ့စနစ်ကို ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ၂၀၁၉၊ မေ ၁၃ ရက်နေ့က ကန့်ကွက်ကြစဉ်
Photo: Khaymani Win/ RFA

အဝေးသင်ပညာရေးစနစ်သစ်ကို ပြောင်းလဲတဲ့အနေနဲ့ အနီးကပ် သင်တန်း ၁၀ ရက်ကို နှစ်ကြိမ်ခွဲပြီး တက်ရောက်တဲ့စနစ်ကို ကန့်ကွက်ကြောင်း ဖဲကြိုးနီ ကမ်ပိန်းကို ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ဒီနေ့မနက်က ဆောင်ရွက်ခဲ့ပါတယ်။

ဒီဖဲကြိုးနီ ကမ်ပိန်းကို ရတနာပုံ တက္ကသိုလ်အတွင်းနဲ့ တက္ကသိုလ်ရှေ့တွေမှာ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ်က ပြန်ကြားရေးတာဝန်ခံ ကိုမျိုးချစ်ဇော်က RFA ကို ပြောပါတယ်။

အဝေးသင် ကျောင်းတက်ရက်ကို ငါးရက် နှစ်ကြိမ်ခွဲပြီး သတ်မှတ်ဖို့ကိစ္စကို ဆက်လက်ဆောင်ရွက်သင့်ကြောင်း ရတနာပုံတက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂ ဥက္ကဋ္ဌက ပညာရေးဝန်ကြီးဌာနကို တင်ပြခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတင်ပြချက်ကို တက္ကသိုလ် အသီးသီးမှာရှိတဲ့ ကျောင်းသားသမဂ္ဂတွေ၊ ဆရာများ သမဂ္ဂတွေရဲ့ သဘောထားကို မတ် ၁၅ ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ပေးဖို့ကိုလည်း ပညာရေးဝန်ကြီးဌာနက အသိပေးစာ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ရတနာပုံတက္ကသိုလ် ကျောင်းသားတွေက ကန့်ကွက်တဲ့ လှုပ်ရှားမှုကို ဆောင်ရွက်နေတာဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနကို တင်ပြခဲ့တယ်ဆိုတဲ့ကိစ္စနဲ့ ကျောင်းသူ၊ ကျောင်းသားတွေက ကန့်ကွက်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရတနာပုံတက္ကသိုလ် ဆရာများသမဂ္ဂက ဆရာ ဦးသုတကို RFA က  ဆက်သွယ်မေးမြန်းရာမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အစည်းအဝေးမလုပ်ရသေးတဲ့အတွက် ဖြေကြားလို့ မရသေးဘူးလို့ ပြောပါတယ်။

အနီးကပ် ၁၀ ရက်ကို နှစ်ကြိမ်ခွဲပြီးတက်ဖို့ စီစဉ်တာဟာ ကျောင်းသူ၊ ကျောင်သားတွေအတွက် ကုန်ကျစရိတ် ကြီးမြင့်တာ၊ အလုပ်ရှင်က ခွင့်ရက် နှစ်ကြိမ် မပေးတာတွေဖြစ်လာနိုင်တာကြောင့် ကန့်ကွက်ရတာဖြစ်ကြောင်းလည်း ဖဲကြိုးနီလှုပ်ရှားမှုမှာ ပါဝင်သူတွေက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။