KNU နယ်မြေက အစိုးရတပ်စခန်းတွေ ဖယ်ပေးဖို့ ဒေသခံတွေ တောင်းဆို

မင်းခိုင်စိုးလင်း၊ ကျော်လွင်ဦး၊ စောညွန့်သောင်း
2021-01-27
Share

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) နယ်မြေအတွင်းမှာ တပ်စွဲထားတဲ့ တပ်မတော်တပ်စခန်းတွေ နောက်ဆုတ်ပေးဖို့ ဒေသခံတွေ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) နယ်မြေဖြစ်တဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ်နဲ့ ကရင်ပြည်နယ် ဘားအံမြို့နယ် နယ်စပ်က ကြသောင်းဆိပ်ရွာ၊ လေးကေရွာနဲ့ ဝင်တာပန်ရွာမှာ တပ်စွဲထားတဲ့ တပ်မတော်နဲ့ နယ်ခြားစောင့်တပ် BGF တပ်စခန်းတွေကို နောက်ဆုတ်ပေးဖို့ ရွာ ၁၁ ရွာက ဒေသခံတွေ ဒီနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။

KNU ရဲ့ တပ်မဟာ (၁) နယ်မြေအတွင်း တပ်မတော်နဲ့ BGF စခန်းတွေ တပ်စွဲထားတာကြောင့် တိုက်ပွဲဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေပြီး အခုလို တောင်းဆိုတာလို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဒေသခံ နော်အုန်းကျင်က ပြောပါတယ်။

"တပ်မတော်ရဲ့ တပ်စခန်းကို မရှိစေချင်တာ၊ KNU တပ်စခန်းကတော့ နဂိုကတည်းကတော့ မရှိပါဘူး။ ရှိတာက သူ့နယ်နဲ့ သူကို ဒါက ကရင်ရဲ့ပိုင်နက်ဆိုတော့ KNU က ရှိမှဖြစ်မယ်။ တပ်စခန်းက သုံးခုရှိတယ်။ ရွာမှာ လုံဝမရှိစေချင်တော့တာ၊ တပ်စခန်းကို မလိုလားဘူး။ မရှိတော့တာကို လိုလားတယ်။ ရှိနေတော့ ရွာသားတွေက နေရတာ ကျဉ်းကျပ်တယ်။ သူတို့နေနေတယ် ဆိုပေမယ့်လည်း သူတို့အချင်းချင်း ဘယ် အချိန်ထပစ်မလဲဆိုတာ ဝုန်းကနဲ ထပစ်မယ့်အခြေအနေကို ရွာသားတွေက ထိတ်လန့်နေရတယ်"

ဖာပွန်မှာ တိုက်ခိုက်မှုတွေဖြစ်ပြီး ဒေသခံတွေ နေရပ်စွန့်ခွာရတာဟာ ဒီလို တပ်စခန်းတွေ ရှိနေတာကြောင့် ဖြစ်တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ပြောကြပါတယ်။

တပ်ရှိနေတာဟာ ပြည်သူတွေအတွက် ခြိမ်းခြောက်မှုပဲလို့ ပျဉ်းမပင်ဆိပ်ကျေးရွာဒေသခံ နော်အယ်ကဖော်က ပြောပါတယ်။

“စစ်တပ်ရှိရင် ပြည်နယ်အတွက် တကယ့်ခြိမ်းခြောက်မှုတစ်ခုပဲ၊ လုံခြုံမှုမရှိဘူး။ သွားရေးလာရေး အလုပ် အကိုင်ကအစ လုံခြုံမှုမရှိဘူး။ ဒါကြောင့်မို့လို့ တပ်စခန်းရှိရင် ပြည်သူအတွက် ခြိမ်းခြောက်မှုတစ်ခုပဲ လုံခြုံမှုမရှိဘူး။ ကျွန်မတို့ အမျိုးသမီးအတွက်လည်း ဘယ်လိုပြောမလဲ။ အဓမ္မပြုကျင့်မှု ဘယ်အချိန် ဖြစ်လာမလဲဆိုတာ အာမ မခံရဲဘူး။ ဒါကြောင့်မို့လို့ ဒီစစ်စခန်းမရှိမှ ကျွန်မတို့ဘဝ လုံခြုံမှုရှိမယ်လို့ ကျွန်မတို့ ယုံကြည်တယ်။ နောက်ပြီး မဲဝိုင်၊ တပ်မဟာ(၅) အခြေအနေကိုကြည့်ရင် စစ်စခန်းရှိလို့ ပစ်ခတ်မှုကို ပိုပြီးပြင်းထန်လာတာတစ်ခုရှိခဲ့တယ်။ ဒါက စစ်စခန်းရှိလို့ စစ်စခန်းမရှိရင် ဒီအကြောင်း အရာက ဖြစ်လာစရာအကြောင်းမရှိဘူး”

ဆန္ဒပြသူတွေဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအချက်တွေ အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့၊ နှစ်ဖက် လေးစားလိုက်နာရမယ့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို လိုက်နာကျင့်သုံးဆောင်ရွက်ဖို့၊ အောက်ခြေမှာဖြစ်နေတဲ့ ပဋိပက္ခတွေကို အစိုးရက ညှိနှိုင်းဆောင်ရွက်ပေးဖို့၊ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

သထုံခရိုင် KNU အထွေထွေအတွင်းရေးမှူး ပဒိုစောစိုးမြင့်က တပ်မတော်နဲ့ BGF စခန်းတွေရှိတဲ့အခါ နှစ်ဘက် လိုက်နာရမယ့် ကျင့်ဝတ်တွေကို ဖောက်ဖျက်ရင် တိုက်ပွဲဖြစ်နိုင်တဲ့ အခြေအနေလည်းရှိတာကြောင့် ဒေသခံတွေက စိုးရိမ်ပြီး ဆန္ဒပြတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“ဒီဒေသမှာလည်း ဖာပွန်တို့၊ ကျောက်ကြီးတို့လို့ တိုက်ပွဲဖြစ်မယ်မဖြစ်ဘူးဆိုတာက တဘက်အပေါ်မှာ မူတည်ပြီး ကျနော်တို့မှာလည်း တပ်တွေလိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်တွေရှိတယ်၊ နှစ်ဦးနှစ်ဖက် လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်စည်းကမ်းတွေကို လိုက်နာမှုမရှိရင်တော့ ဖြစ်၊ မဖြစ် တပ်အပ် မပြောနိုင်ဘူး”

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် မြစ်ကျိုးရွာမှာ အလားတူ တောင်းဆိုခဲ့ကြပါတယ်။

KNU တပ်မဟာ ၅ အခြေစိုက်တဲ့ ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ တပ်မတော်နဲ့ KNU တိုက်ပွဲဖြစ်တာ၊ စစ်ရေးတင်းမာနေတာ တစ်လကျော်ရှိနေပါပြီ။

ဖာပွန်ခရိုင်မှာရှိတဲ့ ကျေးရွာ ၁၇ ခုက ဒေသခံ လေးထောင်ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ KNU ပြန်ကြားရေး သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

KNU တပ်မဟာ (၃) နယ်မြေဖြစ်တဲ့ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာလည်း တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပြီး ဒေသခံတချို့ ထွက်ပြေးနေရတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

KNU နဲ့ တပ်မတော်တိုက်ပွဲတွေကြောင့် ဖာပွန်နဲ့ ကျောက်ကြီးဒေသမှာ အခုဆိုရင် စုစုပေါင်း စစ်ဘေး ဒုက္ခသည် ၅ ထောင်ကျော်ရှိနေပါပြီ။ ဒုက္ခသည်တွေအတွက် စားသောက်စရာနဲ့ အဝတ်အထည်တွေ လိုအပ်နေတယ်လို့ ကရင်ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကရင်လူငယ်ကွန်ရက် အတွင်းရေးမှူး အဖွဲ့ဝင် စောကျော်လင်းဦးက ပြောပါတယ်။

“လက်ရှိစာရင်းတွေအရ ဖာပွန်ဘက်မှာ တပ်မဟာ ၅ ဘက်မှာ ရထားတဲ့စာရင်းတွေအရ ၄၁၀၀ ကျော် ရှိတယ်၊ ညောင်လေးပင်ခရိုင်မှာ ၁ ထောင်ကျော်ပြီ၊ လိုအပ်တာက အစားသောက်ကုန်တွေ လိုအပ်တယ်၊ ဆေးဝါးတွေလိုမယ်၊ ပြီးရင်ခုချိန်က ရာသီဥတုအေးတယ်လေ စောင်တို့ အနွေးထည် တို့လိုမယ်၊ အလွယ် တကူ တဲထိုးလို့ရအောင်၊ ပစ်တာခတ်တာကြားရင် ထွက်ပြေးဖို့ သိမ်းဆည်းလို့လွယ်တဲ့ တာလပတ်တွေ ဘာတွေလိုအပ်တာပေါ့နော်”

တပ်မတော်က တပ်စခန်းတွေ တိုးချဲ့တာကြောင့် တိုက်ပွဲတွေဖြစ်နေတာလို့ KNU ဘက်က ပြောထားပါတယ်။ KNU ရဲ့ စွပ်စွဲချက်ကို တပ်မတော်ဘက်က ငြင်းဆိုထားပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက တပ်မတော်က တပ်စခန်းတွေ မတိုးချဲ့တဲ့အပြင် KNU နယ်မြေတွေမှာ တပ်မတော်စခန်း ၆၁ ခု ရုပ်သိမ်းပေးထားတယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲအပြီး သတင်းထောက်တွေ မေးမြန်းတာကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

“KNU တပ်မဟာ ၇ ဒေသမှာ ကျနော်တို့ စခန်းအရေအတွက် ၁၉၉၀ ကနေ ၂၀၀၀ ပြည့်နှစ်အထိ လျော့သွားတဲ့ စခန်းအရေအတွက် ၂၂ ခု၊ တပ်မဟာ ၅ နယ်မြေမှာ စခန်းအရေအတွက် ၁၄ ခု ဖြုတ်သိမ်း ပေးခဲ့တယ်၊ တပ်မဟာ ၆ နယ်မြေ စခန်း ၅ ခုဖြုတ်သိမ်းပေးခဲ့တယ်၊ ဒါက ကရင်ပြည်နယ်ဘက်မှာ ဖြုတ်သိမ်းပေးခဲ့တာ၊ ပြီးရင် တောင်ငူဘက်ခြမ်း တပ်မဟာ ၂ နယ်မြေမှာ စခန်း ၄ ခုဖြုတ်သိမ်းပေးခဲ့တယ်၊ တပ်မဟာ ၃ နယ်မြေမှာ စခန်း ၁၁ ခုဖြုတ်သိမ်းပေးခဲ့တယ်၊ ဒါကကျနော်တို့ ဖြုတ်သိမ်းပေးခဲ့တဲ့ စခန်းတွေပဲ၊ ကျနော်ပြောလိုတာက KNU တပ်နယ်မြေအလိုက်မှာ ဖြုတ်သိမ်းပေးလိုက်တဲ့ စခန်းအကုန် လုံးပေါင်း ၆၁ ခုရှိတယ်၊ ဒါကကျနော်တို့ရဲ့ သက်သေအထောက်အထားပဲ၊ KNU တပ်မဟာ ၅ ကနေ ဘာကို အထောက်အထားနဲ့ ကျနော်တု့ိ တပ်မတော်က စခန်းတွေတိုးချဲ့နေတယ်ဆိုတာ ဘာကိုစွပ်စွဲချင်မှန်း သဘောမပေါက်ဘူး၊ ကျနော်တို့လုပ်ခဲ့တာ ဒါပဲ”

KNU တွဲဘက်အတွင်းရေးမှူး ၂ ပဒိုစောလှထွန်းကတော့ တပ်မတော်က ဆုတ်သွားတဲ့ စခန်းတချို့ရှိပေမယ့် ဒေသခံတွေနဲ့ KNU တို့ ဆုတ်ပေးဖို့ တောင်းဆိုနေတဲ့ စခန်းတွေမဟုတ်ကြောင်း ပြောပါတယ်။ တပ်မတော်က ပြောသလို တပ်စခန်း ခြောက်ဆယ်ကျော်ဆုတ်ပေးခဲ့တယ်ဆိုတာလည်း မဟုတ်တာကြောင့် ဘယ်စခန်းတွေလည်းဆိုတာ မေးစရာဖြစ်လာကြောင်း ပဒိုစောလှထွန်းက ပြောပါတယ်။

“အားလုံးက စုစုပေါင်း ၁၂၅ လုံးလောက်ကို ကျနော်တို့ဒီ တပ်မဟာ ၇ ခုရဲ့ ရှိတဲ့ ပြည်သူလူထုအဝင်းမှာနေတဲ့ တပ်စခန်းတွေရော ဘာသာရေးဆိုင်ရာမှာနေတဲ့ တပ်စခန်းတွေရော ပြန်ရုပ်ပေးဖို့ပေါ့။ ဒါကိုအဓိက ရည်ရွယ်ပြီးတော့ တောင်းဆိုခဲ့တာပေါ့နော်။ သူပြောတဲ့အတိုင်း ဒီ ၆၁ လုံးကျတော့လည်း ဟုတ်မနေဘူးပေါ့နော်။ အဲဒါက အရည်အတွက်အရ ကျနော်တို့ကြည့်ရင်လည်း တိကျတဲ့ ဒီစခန်းတွေအပေါ်မှာ ဘယ်မှာရှိရင်လည်း ကျနော်တို့ မေးဖို့လိုတယ်။ KNU ဘက်က ဗမာ့တပ်မတော်ဘက်က ဆုတ်လိုက်တဲ့ စခန်းတွေက ဘယ်စခန်းလဲ ဘယ်စခန်းလဲဆိုတာ ကျနော်ဘက်က မှတ်ထားတွေလည်းရှိ တယ်ပေါ့နော်”

တပ်မတော်နဲ့ KNU စစ်ရေးတင်းမာနေတဲ့အခြေအနေကို နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ လိုတယ်လို့ နှစ်ဖက်စလုံးက ပြောနေပေမယ့် အခုချိန်ထိ တွေ့ဆုံပွဲ မဖြစ်မြောက်သေးပါဘူး။ နှစ်ဖက်စစ်ရေး တင်းမာမှုတွေကြားမှာ ကရင်တိုင်းရင်းသားတွေက အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ နေရပ်စွန့်ခွာထွက်ပြေးနေကြတာလို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့