ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ ဆန္ဒပြတောင်းဆိုမည်


2019.05.18
sittwe-meeting-622.jpg ရခိုင်မှာ အပစ်ရပ်ကြေညာဖို့နဲ့ စားပွဲဝိုင်းဆွေးနွေးဖို့ သံဃာတော်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ဒေသခံတွေက စစ်တွေမြို့မှာ ၂၀၁၉၊ မေ ၆ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မောင်တော စတဲ့မြို့နယ် လေးခုမှာ မနက်ဖြန် ဆန္ဒပြတောင်းဆိုသွားမယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်တွေမြို့မှာရှိတဲ့ ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီးတွေ၊ ဝါရင့်နိုင်ငံရေးသမားတွေ၊ မြို့မိမြို့ဖတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ဒေသခံတွေက နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ မေလ ၉ ရက်နေ့က စာပေးပို့တောင်းဆိုခဲ့ကြပါတယ်။

ရခိုင်ဒေသကို အပစ်အခတ်ရပ်စဲပြီး စစ်ရေးနဲ့မဖြေရှင်းဘဲ စားပွဲဝိုင်းမှာဆွေးနွေးပြီး အဖြေရှာဖို့၊ စစ်ဘေးဒုက္ခသည်အရေးအတွက် အစိုးရက တာဝန်ယူဆောင်ရွက်ပေးဖို့၊ စစ်ဘေးဒုက္ခသည်တွေအတွက် ပြည်တွင်းပြည်ပကအလှူရှင်တွေကို လွတ်လပ်စွာ သွားလာဆောင်ရွက်ခွင့်ပြုဖို့၊ မြန်မာ့တပ်မတော်ကပစ်ခတ်လို့ သေဆုံးဒဏ်ရာရတာ ဖမ်းဆီးခံရတာ စတဲ့ဖြစ်ရပ်တွေ နောင်မဖြစ်စေဖို့ စတဲ့အချက်တွေကို တောင်းဆိုခဲ့ကြတာပါ။

ဒီတောင်းဆိုစာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက မေလ ၁၅ ရက်နေ့က ဆရာတော်ကြီးတွေထံကို စာနဲ့အကြောင်းပြန်ခဲ့ရာမှာ အပစ်အခတ်ရပ်စဲပြီး စားပွဲဝိုင်းမှာ အဖြေရှာဖို့ကိစ္စဟာ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က ဆောင်ရွက်ရမယ့်ကိစ္စဖြစ်သလို စစ်ဘေးဒုက္ခသည်အရေးအတွက် ပြည်နယ်အစိုးရက ဆောင်ရွက်နေတာတွေရှိကြောင်း ရေးသားထားပါတယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်က ပစ်ခတ်လို့ သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းဆီးခံနေရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတို့က တည်ဆဲဥပဒေတွေနဲ့ ညီညွတ်မှုမရှိရင် ဥပဒေနဲ့အညီ အမှုဖွင့်အရေးယူနိုင်ရေး စီမံသွားမှာဖြစ်တယ်လို့လည်း ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အကြောင်းပြန်စာထဲမှာ ပါရှိပါတယ်။

ဝန်ကြီးချုပ် ဦးညီပုရဲ့ အကြောင်းပြန်စာထဲမှာ အပစ်အခတ်ရပ်စဲဖို့ အာမခံချက် မပါရှိတဲ့အတွက် ဆန္ဒပြတောင်းဆိုမှုကို မနက်ဖြန်လုပ်ဆောင်ဖို့ ဆရာတော်ကြီးတွေက ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဆန္ဒပြပွဲဦးဆောင်သူတွေကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။