ကျည်ထောင်စုသစ္စာ သရော်စာ ကိစ္စ စိတ်မကောင်းကြောင်း The Voice ဖော်ပြ


2017.05.14
pyitaungsu-thitsar-620.jpg The Voice နေ့စဉ် သတင်းစာမှာ "ပြည်ထောင်စုသစ္စာ" ရုပ်ရှင်ဇာတ်ကားကို "ကျည်ထောင်စုသစ္စာ" ခေါင်းစဉ်နဲ့ သရော်စာရေးသား ထားတာကို တွေ့ရစဉ်
.

တပ်မတော်က ကန့်ကွက်ထားတဲ့ ကျည်ထောင်စုသစ္စာဆိုတဲ့ သရော်စာကြောင့် တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ သဘောသက်ရောက်ခဲ့ရင် The Voice သတင်းစာအနေနဲ့ စိတ်မကောင်းဘူးလို့ ဒီကနေ့ထုတ် The Voice သတင်းစာမှာ ဖော်ပြထားပါတယ်။

ဒီလို ဖော်ပြပေးတာဟာ တောင်းပန်တာမဟုတ်ဘူးလို့ The Voice သတင်းစာရဲ့ အယ်ဒီတာ ကိုအောင်စိုးက ပြော ပါတယ်။

"ကျနော်တို့ကတော့ သတင်းစာမှာတော့ ဒီလိုမျိုးဖော်ပြပေးနိုင်တယ်။ အဲဒီလိုဖော်ပြမယ့်အကြောင်း စာနယ်ဇင်းကောင်စီကို အကြောင်းကြားပေးလိုက်တာ။ ဒီနေ့မှာ ဖော်ပြပေးမယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့က အကြောင်းကြားလိုက်တယ်။ ၁၄ ရက်နေ့မှာ ကျနော်တို့ ဒီလို ဖော်ပြပေးနိုင်တယ်။ သရော်စာထည့်တဲ့ စာမျက်နှာမှာပဲ။ တနင်္ဂနွေနေ့ထုတ် သရော်စာ စာမျက်နှာမှာပေါ့ဗျာ။ ကျနော်တို့ စိတ်မကောင်းဖြစ် ရကြောင်း၊ ဒီလိုမျိုးယူဆတယ်ဆိုရင်တော့ စိတ်မကောင်းဘူးပေါ့။ ဒါပါပဲ။ အဓိက ကျနော်တို့ ဒီဥစ္စာ က တောင်းပန်တဲ့ဥစ္စာ မဟုတ်ပါဘူး"

ကျည်ထောင်စုသစ္စာ သရော်စာနဲ့ ပတ်သက်ပြီး ကန့်ကွက်ကြောင်းကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို အရင်ဆုံး အသိပေးအကြောင်းကြားတဲ့အတွက် တပ်မတော်ရဲ့ သဘောထားကြီးမှုကို အသိအမှတ်ပြုတယ်လို့လည်း သတင်းစာက ဖော်ပြထားပါတယ်။

အဲဒီ သရော်စာမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တိုက်ရိုက်ရည်ညွှန်းထားတဲ့ စကားလုံးမပါဘဲ ပြည်တွင်းစစ်ကိုရပ်စဲပြီး ငြိမ်းချမ်းရေးကို လိုလားတဲ့ ဆန္ဒနဲ့သာ ဟာသရသမြောက်အောင် ရေး သားတဲ့ သရော်စာ သက်သက်သာဖြစ်တယ်လို့လည်း သတင်းစာရဲ့ ဖော်ပြချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ အဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်ကို တမင်ထိခိုက်နစ်နာအောင်၊ ဂုဏ်သက္ခာ ထိခိုက်အောင် စတဲ့ရည်ရွယ်ချက်တွေနဲ့ ရေးသားခဲ့တာမဟုတ်ဘူးလို့လည်း The Voice သတင်းစာ က ဖြေရှင်းထားပါတယ်။

တပ်မတော်က ရိုက်ကူးထားတဲ့ ပြည်ထောင်စုသစ္စာ ဆိုတဲ့ ဇာတ်ကားကို သရော်ထားတဲ့ ကျည်ထောင်စုသစ္စာဆိုတဲ့ သရော်စာကို ပြီးခဲ့တဲ့ မတ် ၂၆ ရက်နေ့ထုတ် The Voice သတင်းစာမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။