NLD ခေါင်းဆောင်များနှင့် သြစတြေးလျသံအရာရှိများ ဆွေးနွေး

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ ဖြစ်တဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်းနိုင်းတို့ကို ရန်ကုန်မြို့ သြစတြေးလျသံရုံးက သံအမတ်ကြီးနဲ့ သံအရာရှိတွေ အောက်တိုဘာ ၁၉ ရက် ဒီကနေ့ လာရောက် တွေ့ဆုံခဲ့တယ်လို့ သတင်းရရှိပါတယ်။

2010.10.19
australia_free_suu_kyi_305_z.jpg ဩစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေး ပြည်နယ်၊ ဆစ်ဒနီမြို့ရှိ ကမ္ဘာကျော် အော်ပရာဟောက်စ် အဆောက်အအုံရှေ့တွင် မြန်မာ့ ဒီမိုကရေစီရေး လိုလားထောက်ခံသူများ ၂၀ဝ၉ အောက်တိုဘာ ၂၇ ရက်က ‘ဒီမိုကရေစီအတွက် စုဝေးကြ၊ လွတ်မြောက်ရေးအတွက် ရပ်တည်ကြ’ ရှေ့ပြေး လှုပ်ရှားမှုတွင် ပါဝင်ဆင်နွှဲနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

သြစတြေးလျ သံအရာရှိတွေက NLD ရဲ့ ရပ်တည်ချက်တွေနဲ့ လက်ရှိအခြေအနေတွေကို မေးမြန်းခဲ့တဲ့အကြောင်း၊ NLD ပါတီအပေါ် သူတို့ရဲ့ ရပ်တည်ချက်တွေကိုလည်း ရှင်းလင်း ပြောပြခဲ့ကြောင်း ဦးတင်ဦးက ပြောပါတယ်။

 “သူတို့ ပြောသွားတဲ့ ကိစ္စတွေကတော့ ကျွန်တော်တို့အတွက် အများဆုံး အကျိုးရှိတာတွေလည်း ပြောတယ်လေ။ နောက်တချို့ပြောတယ်၊ သြစတြေးလျ ရပ်တည်ချက်နဲ့ ပတ်သက်တာ အားလုံးက အပြည့်အဝ ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုအတွက် အထူးသဖြင့် NLD နဲ့ ပတ်သက်တဲ့ ကိစ္စရပ်အဝဝပေါ်မှာကို အပြည့်အဝ သူတို့က ဒီ အားပေးထောက်ခံတဲ့ သဘောတွေ ရှိနေတယ်ဗျ။ အင်မတန် ကောင်းပါတယ်၊ သူတို့ ရပ်တည်ချက်ကို ပြောသွားတာတော့။”

သြစတြေးလျ သံအရာရှိတွေနဲ့ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ ဦးနိုင်းနိုင်းတို့ တွေ့ဆုံဖို့ စီစဉ်ထားခဲ့ပေမဲ့ ကျန်းမာရေး အခြေအနေကြောင့် ဦးဝင်းတင် မတက်ရောက်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

မနေ့ကလည်း ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ကို ကနေဒါသံရုံး အတွင်းဝန်နဲ့ သံအရာရှိတချို့ လာရောက် တွေ့ဆုံခဲ့ပြီး NLD ရဲ့ လက်ရှိအခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည် အကြောင်းနဲ့ ကနေဒါအစိုးရရဲ့ NLD အပေါ် သဘောထားတွေကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။