ပြည်နယ်ဘတ်ဂျက် ၆ ဘီလီယံကျော်ကို လွှတ်တော်ဖြတ်တောက်


2018.04.09
rakhine-parliament-622 ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
Photo: Min Thein Aung/RFA

ဒီဧပြီလကနေ စက်တင်ဘာလအထိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွက် ပြည်ထောင်စုအစိုးရက ချပေးထားတဲ့ ဘဏ္ဍာငွေ ကျပ် ၇၀ ဘီလီယံထဲက ၆ ဘီလီယံကျော်ကို ဖြတ်တောက်ဖို့ ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

အစိုးရရဲ့ တင်ပြမှုတွေကို လွှတ်တော်က မစိစစ်ဘဲ ခွင့်ပြုမှာမဟုတ်ဘူးလို့ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစံကျော်လှ က ပြောပါတယ်။

"အစိုးရအဖွဲ့အနေနဲ့ ငါတို့တင်လိုက်မယ်၊ လွှတ်တော်ကဖြတ်ချင်ရင်ဖြတ်ပါစေ လွှတ်တော်ကဖြတ်တောက်ခဲ့ရင် လွှတ်တော်နဲ့ ပြည်သူတွေ ထိပ်တိုက်တွေ့ကြလိမ့်မယ်ဆိုတဲ့ သဘောမျိုးနဲ့ မလုပ်ကြပါနဲ့၊ ဒီလောက်အခြေအမြစ် ကင်းမဲ့တဲ့ ဘတ်ဂျက်တောင်းဆိုမှု ပြည်နယ်လွှတ်တော်က သူတို့ပြောတဲ့အတိုင်း ခွင့်ပြုလိုက်ရင် ကျနော်တို့ ရခိုင်ပြည်နယ်လွှတ်တော် ဘယ်အဆင့်ကိုရောက်သွားမှာလဲ၊ အစိုးရကတင်လိုက်တိုင်း မစိစစ်ပဲ လျော့ပေး လိုက်ရင် ဒီလွှတ်တော်ကိုဘာလုပ်ဖို့လဲ၊ လွှတ်တော်ရဲ့ အဓိကတာဝန်ထဲမှာ အစိုးရကိုထိန်းကျောင်းတာပါတယ်"

ရခိုင်ပြည်နယ်လွှတ်တော်က ဘဏ္ဍာငွေတွေကို ဖြတ်တောက်လိုခြင်းမရှိတာကြောင့် ပြည်နယ်အစိုးရအဖွဲ့နဲ့ ညှိနှိုင်းဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဥပဒေအတိုင်း ဆောင်ရွက်တာလို့ပြောဆိုခဲ့တဲ့ အတွက် လွှတ်တော်က ဥပဒေနဲ့အညီ ဖြတ်တောက်ခဲ့တာလို့ လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရထံ ဘဏ္ဍာငွေတောင်းခံရာမှာ ပြည်နယ်လွှတ်တော်ရဲ့ အကြံပြုချက်တွေ၊ ဆွေးနွေးချက်တွေကို မျက်ကွယ်ပြုပြီး လုပ်ဆောင်ခဲ့တာတွေ့ရတယ်လို့လည်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တွေက ပြောပါတယ်။

ဖြတ်တောက်လိုက်တဲ့ ကျပ်ငွေ ၆ ဘီလီယံကျော်ထဲမှာ ဂွ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ ကျောက်တော် စတဲ့မြို့တွေမှာ ပြုလုပ်မယ့် အဆင့်မြင့်ဈေးသစ်စီမံကိန်းလုပ်ငန်းတွေပါဝင်သလို အကောင်အထည်ဖော်ပြီးသား စီမံကိန်းတွေအတွက် ဘဏ္ဍာငွေ ထပ်မံတောင်းခံတာတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် သံတွဲမြို့နယ်ခန်းမ ဖွင့်ပွဲအတွက် သိန်း ၃၀၀ တောင်းခံတာ၊ တစ်ချို့လုပ်ငန်းတွေကို မလိုအပ်ဘဲ ငွေကြေးအမြောက်အမြားတောင်းခံထားတာ စတာတွေပါဝင်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

ဘဏ္ဍာငွေ ၆ ဘီလီယံကျော်ကိုဖြတ်တောက်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးကြရာမှာ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေပါ ထောက်ခံခဲ့ကြတာဖြစ်ပါတယ်။

ဒီနေ့လွှတ်တော်က ဖြတ်တောက်လိုက်တဲ့ ကျပ်ငွေ ၆ ဘီလီယံကျော်ကို ပြည်ထောင်စုအစိုးရထံ ပြန်လည်အပ်နှံရမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။