ရခိုင်မှာ ကိုရိုနာဗိုင်းရပ်စ် ဒေသတွင်းကူးစက်ခံရသူ သုံးဦးအထိရှိလာ

2021.06.23
ရခိုင်မှာ ကိုရိုနာဗိုင်းရပ်စ် ဒေသတွင်းကူးစက်ခံရသူ သုံးဦးအထိရှိလာ ၂၀၂၀၊ စက်တင်ဘာ ၈ ရက်နေ့က စစ်တွေဆေးရုံကြီးကို ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ ခေါ်ဆောင်လာစဉ်
Photo: RFA

ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ဒေသတွင်းကူးစက်ခံရသူ သုံးဦးအထိရှိနေပြီး တစ်ပြည်နယ်လုံးမှာ ပိုးတွေ့လူနာစုစုပေါင်း ၇၉ ဦးအထိ ရှိနေပြီလို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင် က RFA ကို ဒီနေ့မနက်က ပြောပါတယ်။

ဒေသတွင်း ကူးစက်ခံရသူတွေဟာ စစ်တွေမြို့က တစ်ဦးနဲ့ မောင်တောမြို့က နှစ်ဦးဖြစ်ပြီး ကျန်တဲ့သူတွေ ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ခိုးဝင်လာသူ သုံးဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေး သွားလာနေတဲ့သူတွေကို သီးသန့်စောင့်ကြည့်စစ်ဆေးရာမှာ တွေ့ရှိရတာလို့ ဆိုပါတယ်။

အခုလို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ များလာတဲ့အတွက် ဒေသခံတွေအနေနဲ့ မပေ့ါဆကြဖို့နဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်တွေကို အားလုံးလိုက်နာကြဖို့ လိုအပ်နေပြီလို့လည်း ဒေါက်တာ စိုးဝင်းပိုင် က ပြောပါတယ်။

အဲဒီပိုးတွေ့လူနာတွေကို စစ်တွေ ပြည်သူ့ဆေးရုံကြီးနဲ့ မောင်တော ဆေးရုံတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးထားပြီး ကျန်းမာရေးအခြေအနေ ဆိုးဆိုးဝါးဝါးတော့ မရှိဘူးလို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ကစလို့ အချိန်တစ်လကျော်ကာလ အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ စစ်တွေမြို့မှာ ၇၄ ဦးနဲ့ ၅ ဦး စုစုပေါင်း ၇၉ ဦးအထိရှိသွားပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။