ရခိုင်ပြည်နယ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးထားသူနှစ်ဦးမှာ ပိုးတွေ့ရှိ

ဦးသစ်ဆင်း (ဝါရှင်တန် ဒီစီ)
2021.06.29

ရခိုင်ပြည်နယ် မောင်တောမြို့မှာ အိန္ဒိယနိုင်ငံကထုတ် ကိုဗစ်ရှီး(CoviShield) ကိုရိုနာဗိုင်းရပ်စ် ကွယ်ဆေး နှစ်ကြိမ်ထိုးထားတဲ့သူ နှစ်ယောက်မှာ ဗိုင်းရပ်စ်ပိုးတွေ့ထားတယ်လို့ ရခိုင်ပြည်နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်က ပြောပါတယ်။

စစ်တွေမြို့ ရခိုင်ပြည်နယ်ဥပဒေရုံးမှာ ဇွန်လ ၂၈ ရက်  မနေ့က သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တွေကို ဒေါက်တာကြည်လွင် အခုလို ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်

“ကိုဗစ်ပိုးတွေ့တဲ့လူတချို့က ကာကွယ်ဆေး ထိုးပြီးသားပါ။ နှစ်ကြိမ်ထိုး ပြီးသား နှစ်ယောက်တွေ့ ပါတယ်။ တချို့ကလည်း တစ်ကြိမ်ပဲ ထိုးရသေး တယ်လို့ ပြောပါတယ်။ အခုမောင်တောမှာတွေ့တဲ့ ကိုဗစ်ကာကွယ် ဆေး နှစ်ကြိမ်ထိုးပြီးသားလူတွေက ကိုဗစ်ရှီးဆိုတဲ့ ကာကွယ်ဆေး ထိုးထားတာပါ”

အဲဒီပိုးတွေ့လူနာ နှစ်ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းနီးစပ်နေတဲ့ မောင်တောမြို့က ခရိုင် အုပ်ချုပ်ရေးမှူးနဲ့ အဲဒီရုံးက ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ဒီနေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူတစ်ဦးနဲ့  ပိုးတွေ့လူနာ ၁၂၆ ဦး အထိရှိနေပြီး သူတို့နှစ်ဦးကလည်း အဲဒီအထဲမှာ အပါအဝင်ပါ။

ကိုဗစ်ရှီး(CoviShield) ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရလက်ထက်က အိန္ဒိယနိုင်ငံကနေ လက်ဆောင်အဖြစ်ပေးတဲ့ ထိုးဆေး တစ်သန်းခွဲ အပါအဝင် နောက်ထပ်ဝယ်ယူထားတဲ့ ဆေးတွေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလကစလို့ ထိုးပေးခဲ့တာပါ။

အခုလို ကာကွယ်ဆေး နှစ်ကြိမ်လုံးထိုးထားသူ နှစ်ယောက်မှာ ပိုးတွေ့တာဟာ ကိုရိုနာဗိုင်းရပ်စ် ဗီဇပြောင်းမျိုးသစ် ပြောင်းသွားတာကြောင့် ဖြစ်နိုင်သလို ကာကွယ်ဆေးက ၁၀၀ ရာခိုင်နှုန်း ကာကွယ်မပေးနိုင်တာကြောင့်လည်း ဖြစ်နိုင်တယ်လို့  ဒေါက်တာကြည်လွင်က ပြောပါတယ်။

အခုကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ ဗီဇပြောင်းမျိုးသစ် ဟုတ်၊ မဟုတ်ကိုတော့ မစစ်ဆေးနိုင်သေး ဘူးလို့လည်း သူက ဆိုပါတယ်။

"နှစ်ကြိမ်ထိုးပြီးသား နှစ်ယောက်တွေ့ပါတယ်။ တချို့ကလည်း တစ်ကြိမ်ပဲ ထိုးရသေးတယ်လို့ ပြောပါတယ်"

ဒါပေမဲ့ အဲဒီကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးထားသူ နှစ်ဦးအပါအဝင် တခြား ပိုးတွေ့လူနာတွေရဲ့ ကျန်းမာရေးအခြေအနေကတော့ ကောင်းကောင်းမွန်မွန် ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ အခုလက်ရှိ ကိုရိုနာဗိုင်းရပ်စ်ပိုးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေး သွားလာရာက အများစုတွေရှိခဲ့တာဖြစ်ပြီး အခုဆိုရင် ဒေသတွင်း ကူစက်မှုတွေလည်း တိုးလာနေ တာဖြစ်ပါတယ်။

အခုလို ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်ခံရမှုတွေ တိုးလာနေပေမယ့် နယ်စပ်ကုန်သွယ်ရေးတွေ၊ စာသင်ကျောင်း တွေနဲ့ အခြားစီးပွားရေး လုပ်ငန်းတွေကို ပိတ်ဖို့အစီအစဉ်မရှိသေးဘူးလို့  ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီ ကပြောပါတယ်။

ပိတ်ဖို့လိုအပ်လာမှသာ ပိတ်သွားမှာဖြစ်ပြီး အဲဒါတွေကို အမြဲတမ်းနိုးနိုးကြားကြား စောင့်ကြည့်နေတယ်လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

 ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း

“မလိုအပ်ဘဲနဲ့ ကျောင်းတွေကို ပိတ်မယ်၊ ဘဏ်တွေကို ပိတ်မယ်၊ စီးပွားရေး လုပ်ဆောင်နေကြတဲ့ ဈေးဆိုင်တွေကိုပါ ပိတ်ပစ်လိုက်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ဟာ ကိုဗစ်ကို အမှန်တကယ်ရင်ဆိုပြီးတော့ ထိန်းချုပ်တယ် ကာကွယ်တယ် အနေအထားမျိုး မဟုတ်ဘဲနဲ့ လန့်ပြီးတော့ ပိတ်လိုက်တဲ့ သဘောမျိုး ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ ပိတ်ဖို့အပိတ်ဖို့ဆိုတာကို အခြေအခံအားဖြင့် ပိတ်ဖို့လိုပြီလားဆိုတာကို အမြဲတမ်း စောင့်ကြည်နေ ပါတယ်။ အမြဲတမ်းနိုးနိုးကြားကြား ရှိပါတယ်လို့ ပြောကြားလိုပါတယ်”

ကိုရိုနာဗိုင်းရပ်စ်ကို အကြောင်းပြပြီး နယ်စပ်ကုန်သွယ်ရေးတွေ၊ စာသင်ကျောင်းတွေနဲ့ တခြားစီးပွားရေး လုပ်ငန်းတွေ မပိတ်မှာကို ဒေသခံတွေကလည်း ထောက်ခံကြပါတယ်။

rakhine-corona.jpg
(ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်ဝင်းထဲက အသွားအလာကန့်သတ်စောင့်ကြည့်ရေး စင်တာတစ်ခုကို ၂၀၂၀ စက်တင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်)



ရခိုင်ပြည်နယ်မှာ ပရဟိတလုပ်ငန်းတွေဆောင်ရွက်နေတဲ့ စစ်တွေမြို့ခံ ဦးစောမင်းအောင်ကတော့ စာသင် ကျောင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေကို မပိတ်ဘဲ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေနဲ့အညီ ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ရမှာဖြစ်ပြီး အစိုရအနေနဲ့လည်း အဲဒီလိုမျိုး ထိန်းချုပ်သင့်တယ်လို့ RFA ကို ပြောပါတယ်။

“ကိုဗစ်ကို အကြောင်းပြပြီးတော့ နယ်စပ်ကို ပိတ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ ရခိုင်ရဲ့ကုန်စည်စီးဆင်း မှုမှာလည်း အနှောင့်အယှက်ဖြစ်မယ်။ အကျိုးအမြတ် ရမှုနည်းမယ်။ ဆိုတော့ ကျွန်တော်တို့က ဘယ်လို ဖြစ်ရမလဲ ဒီကိုဗစ်နဲ့ အတူယှဉ်တွဲ နေထိုင်နိုင်အောင်ကြိုးစားရမယ်။ ကိုဗစ်ကို မကြောက်နဲ့ ဒါပေမဲ့ ကိုဗစ်ကို မလေးမစား မလုပ်နဲ့ ကာကွယ်ဆေးထိုးဆိုရင်ထိုး Marsk ဆိုရင်တပ်၊ ကျောင်းကိုလည်း အတက် မပျက်နဲ့ စီးပွားရေးကိုလည်း အလုပ်မပျက်နဲ့ ကိုဗစ်နဲ့အတူယှဉ်တွဲပြီး သွားလာရမယ်။ အစိုးရကိုယ်တိုင် ကလည်း အဲဒီလိုဟာမျိုး ထိန်းကျောင်းပြီးတော့ ပိုးပေါင်းပါဝင်ဖို့ လိုတယ်လို့ မြင်ပါတယ်”

ရခိုင်ပြည်နယ်မှာ  ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက စတင်ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံဟာ အခုအချိန်ထိ စီးပွားရေးအခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရသလို ပြီးခဲ့တဲ့ နှစ်ကလည်း ကိုဗစ်ကြောင့် စာသင်ကျောင်းတွေ ပိတ်ခဲ့ရလို့ ကျောင်းသားတွေ ပညာရေးနဲ့ အလှမ်းဝေးကွာနေခဲ့ရတဲ့အတွက် အဲဒီလို ထပ်ဖြစ်သွားမှာကို စိုးရိမ်တာကြောင့်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကို တတိယလှိုင်းအဖြစ် ပြီးခဲ့တဲ့ မေကစလို့ ဘင်္ဂလားဒေရှ့်နိုင်ငံနဲ့  နယ်စပ်ကုန် သွယ်ရေးကနေ စတင်တွေ့ရှိခဲ့တာပါ။

အခုဆိုရင် အဲဒီနယ်စပ်ကုန်သွယ်ရေးကနေ ကုန်ကူးသွားလာနေတဲ့ သူတွေကို သီးသန့်စောင့်ကြည့်ရာကနေ  ပိုးတွေ့လူနာ ၈၀ ဦး၊ သံတွဲမြို့မှာ ၂၇ ဦး၊ မောင်တောမြို့မှာ ၁၅ ဦး၊ စစ်တွေမြို့မှာ လေးဦး စုစုပေါင် ၁၂၆ ဦးနဲ့ သေဆုံးသူ တစ်ဦးရှိသွားပြီလို့ ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။