ရခိုင်ပဋိပက္ခဟာ ဘာသာရေးပြဿနာ မဟုတ်ကြောင်း ဝန်ကြီး ပြော
2018.02.27
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ပဋိပက္ခအရေးဟာ ဘာသာရေးပြဿနာမဟုတ်ဘဲ နိုင်ငံရေး၊ စီးပွားရေးနဲ့ တရား ဥပဒေ စိုးမိုးရေး ပြဿနာတွေဖြစ်ကြောင်း နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က ပြောပါတယ်။
ဆွီဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ မနေ့က စတင်ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီ နှစ်ပတ်လည် အစည်းအဝေး မှာ ပြောကြားခဲ့တာပါ။
ရခိုင်ပြည်နယ်ပြဿနာဟာ ဘာသာရေး ပြဿနာမဟုတ်ပါဘူး။ လူဝင်မှု ပြဿနာ၊ ဆင်းရဲမွဲတေမှု နဲ့ တရားဥပဒေစိုးမိုးရေး စတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြဿနာတွေပဲဖြစ်ပါတယ်။၊ အဲဒီကတဆင့် လုံခြုံရေးနဲ့ အကြမ်းဖက် ပြဿနာတွေ ပေါ်ပေါက် လာခဲ့တာပါ၊ မြန်မာနိုင်ငံမှာ ဘာသာအယူဝါဒ မျိုးစုံ ရှိပါတယ်၊ နိုင်ငံရဲ့နေရာအများအပြားမှာ မွတ်စလင် ဘာသာဝင်တွေနဲ့ တခြားဘာသာဝင်တွေကြား လူမှုပြဿနာမရှိဘဲ အေးအေးချမ်းချမ်း ရှိနေကြပါတယ် လို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အခုလို ဒုက္ခသည်တွေ ပြန်လည်လက်ခံ နေရာချထားပေးရေးနဲ့ ဒေသဖွံဖြိုးရေးတွေ ဆောင်ရွက်ဖို့ အရေးကြီးနေတဲ့အချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေရဲ့ အပြုသဘော အားပေးကူညီမှုတွေ အရေးတကြီး လိုအပ်နေကြောင်းလည်း ပြောကြားခဲ့ပါတယ်။