ရခိုင်အရေး ဦးဇော်ဌေး ပြောကြားချက် တိုင်းရင်းသားတွေ စိတ်ဝမ်းကွဲစေတာကြောင့် ကန့်ကွက်


2019.01.17
rakhine-reconciliation-committee-622.jpg ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကော်မတီ ဖြစ်မြောက်ရေးအဖွဲ့ အစည်းအဝေးကို စစ်တွေမြို့ ANP ပါတီရုံးချုပ်မှာ ဇန်နဝါရီလ ၇ ရက်နေ့ကကျင်းပစဉ်
Photo: Min Thein Aung/RFA

သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးရဲ့ ပြောကြားချက်တွေဟာ ရခိုင်တစ်မျိုးသားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေတဲ့အပြင် တိုင်းရင်းသား အချင်းချင်းကြား စိတ်ဝမ်းကွဲပြားမှု ဖြစ်ခဲ့တာကြောင့် ကန့်ကွက်ရှုတ်ချကြောင်း ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကော်မတီ ဖြစ်မြောက်ရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

စစ်တွေမြို့ ရခိုင်အမျိုးသားပါတီ ANP ပါတီ ရုံးချုပ်မှာ မနေ့က ပြုလုပ်ခဲ့တဲ့ ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကော် မတီ ဖြစ်မြောက်ရေးအဖွဲ့ အစည်းအဝေးကနေ ဇန်နဝါရီလ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ သမ္မတရုံး ညွှန်ကြားရေး မှူးချုပ် ဦးဇော်ဌေး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ကန့်ကွက်လိုက်တာဖြစ်ပါတယ်။

အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေအနေနဲ့ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်ပြီး ပြောဆိုတာတွေ၊ ထုတ်ပြန် ချက်တွေလုပ်မယ်ဆိုရင် ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံက စဉ်းစားသုံးသပ်ပြီးမှ ထုတ်ပြန်ဖို့ တိုက်တွန်းလိုတယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး ဥက္ကဋ္ဌ ဦးဇော်ဇော်ထွန်းက RFA ကို ဒီနေ့ ပြောပါတယ်။

တဆက်တည်းမှာပဲ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့တဲ့လုပ်ငန်းတွေကို ဟန့်တားတာတွေမလုပ်ပဲ အဆင်ပြေ ချောမွေ့အောင် စီစဉ်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

တပ်မတော်က စစ်တိုင်း ၅ ခုမှာ ဧပြီလကုန်ထိ ၄ လကျော်ကြာ အပစ်ရပ်ထားရာမှာ ရခိုင်ဒေသမပါဝင်တာဟာ ပိုမိုရှုပ်ထွေးတဲ့ နိုင်ငံရေး အခြေအနေကို တွန်းပို့နေသလိုဖြစ်ပြီး တိုက်ခိုက်တာတွေကို ရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ကိုလည်း တိုက်တွန်းထားတာတွေ့ရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။