တောင်သူတွေရဲ့ တိုင်တန်း ချက်တွေ မျက်ကွယ်ပြုခံနေ ရကြောင်း ပြည်နယ်လွှတ်တော် မှာ တင်ပြ


2017.07.11
rakhine-hluttaw-on-farmer-620.jpg ဦးအောင်ဝင်း ကို ရခိုင်ပြည်နယ်လွှတ်တော်မှာ ဇူလိုင်လ ၁၁ ရက်ေ်န့ကတွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်က တောင်သူတွေရဲ့ လယ်ယာမြေနဲ့ပတ်သက်ပြီး တိုင်တန်းလျှောက်ထားချက်တွေဟာ စီစစ်ဆောင် ရွက်မှုမရှိဘဲ မျက်ကွယ်ပြုခံနေကြရတယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာ၊ သားငါး၊ သစ်တောနဲ့ဆည်မြောင်းလုပ်ငန်းအဖွဲ့က လွှတ်တော်မှာ ဒီနေ့ အစီရင်ခံစာ တင်သွင်းစဉ် ပြောကြားလိုက်ပါတယ်။

ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ လုပ်ငန်းအဖွဲ့ ဥက္ကဌ တာဝန်ယူထားတဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း က အခုလိုတင်ပြခဲ့တာဖြစ်ပါတယ်။

သက်ဆိုင်ရာဌာနကထုတ်ပေးတဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်မှာ လယ်ယာမြေဧကတွေ မှားယွင်းဖော်ပြ တာတွေရှိနေတဲ့အတွက် တောင်သူအချင်းချင်း ပဋိပက္ခတွေဖြစ်ပွားတာတွေဟာ မြို့နယ်တိုင်းလိုလိုမှာ ရှိနေတယ် လို့လည်း ဆိုပါတယ်။

တောင်သူတွေဟာ ပုံစံ(၇) တစ်စောင်ရရှိရေးအတွက် ငွေကျပ် ၅ သောင်းလောက်အထိ ပေးဆောင်နေကြရပြီး လယ် မရှိသူတွေမှာလည်း ပုံစံ(၇)တွေ ရရှိနေတာတွေလည်း ရှိနေတဲ့အတွက် အရေးတကြီးဆန်းစစ်ဖို့ လိုအပ်တယ် လို့လည်း ပြောပါတယ်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ လုပ်သားရှားပါးတဲ့ပြဿနာကို မြို့နယ်တိုင်းမှာ ကြုံတွေ့နေရတာကြောင့် ပြည်နယ်အစိုးရ က ဒေသနဲ့ကိုက်ညီတဲ့ ထွန်စက်တွေ၊ အသီးခြွေလှည့်စက်တွေနဲ့ ကောက်ရိတ်စက်တွေကို ကူညီပံ့ပိုးဖို့လိုအပ်နေ တယ်လို့ ပြောပါတယ်။

တောင်သူတွေဟာ စပါးကို ဝယ်ယူသူမရှိတာအပြင် ဈေးနှုန်းဟာလည်း အလွန်အကျွံ နည်းနေတာကြောင့် စပါးစိုက် ပျိုးရေးမှာ အရံှုးပေါ်နေပြီး အစိုးရစိုက်ပျိုးစရိတ်ချေးငွေတွေကိုလည်း ပြန်မဆပ်နိုင်ဖြစ်နေတဲ့အတွက် ပြည်နယ် အစိုးရအဖွဲ့က ခိုင်မာတဲ့စပါးဈေးကွက်တစ်ခုကို ဖန်တီးပေးဖို့လည်း ဒီနေ့ တင်သွင်းတဲ့အစီရင်ခံစာမှာ တိုက်တွန်း ထားပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်ကဖွဲ့စည်းထားတဲ့ လယ်ယာ၊ သားငါး၊ သစ်တောနဲ့ ဆည်မြောင်းလုပ်ငန်း အဖွဲ့ဟာ ပုဏ္ဏား ကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ တောင်ကုတ်၊ သံတွဲ စတဲ့မြို့နယ်တွေကို ကွင်းဆင်းလေ့လာပြီး ဒီနေ့အစီရင်ခံစာကို လွှတ်တော်ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။