ရခိုင်မှာ စစ်ဘေးဒုက္ခသည် စခန်းအချို့ ရိက္ခာအခက်အခဲ ဖြစ်နေ

2021-07-13
Share
ရခိုင်မှာ စစ်ဘေးဒုက္ခသည် စခန်းအချို့ ရိက္ခာအခက်အခဲ ဖြစ်နေ မြောက်ဦးမြို့ မြတန်းဆောင် စစ်ဘေးဒုက္ခသည်စခန်းကို ၂၀၂၁ ဇူလိုင်လ ၈ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ စက်မှုဇုန် စစ်ဘေးဒုက္ခသည်စခန်းနဲ့ ကျောက်တော်မြို့ မီးရထားဘူတာ စစ်ဘေးစခန်းတွေက စစ်ဘေးဒုက္ခသည်တွေဟာ စားရေး၊ သောက်ရေးအတွက် ရိက္ခာအခက်ခဲနဲ့ ရင်ဆိုင် နေကြရတယ်လို့ ဒုက္ခသည်တွေက RFA ကို ပြောပါတယ်။

ကျောက်တော်မြို့ မီးရထားဘူတာ စစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင် အစိုးရကနေ လစဉ်ထောက်ပံ့တဲ့ ဆန်ရိက္ခာ မရောက်တာ နှစ်လအထိ ရှိနေပြီဖြစ်သလို WFP ကုသသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကနေ ထောက်ပံ့တဲ့ လူတစ်ယောက် တစ်လကို ငွေကျပ် တစ်သောင်းခွဲလည်း မရောက်တာ တစ်လကျော်ရှိပြီလို့ စစ်ဘေးဒုက္ခသည် တစ်ဦးဖြစ်တဲ့ ဦးစောသိန်းက ပြောပါတယ်။

အဲဒီ ဒုက္ခသည်စခန်းမှာ ကျောက်တော်မြို့နယ်က တင်းမကြီး၊ မုန့်သန်းပြင်၊ မျောက်တော် စတဲ့ ကျေးရွာတွေနဲ့ ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည် စုစုပေါင်း ရှစ်ရာကျော် ခိုလှုံနေတာပါ။

အခုလက်ရှိ ဒုက္ခသည်တွေဟာ စားရေး၊ သောက်ရေးအတွက် ချောင်းတွေ မြောင်းတွေမှာ ဟင်းစားအဖြစ် ငါးရှာတာ၊ နေ့စားအလုပ် လုပ်ကိုင်ကြရတာစတဲ့ ကြုံရာကျပန်းအလုပ်တွေ လုပ်ကိုင်ပြီး ဖြစ်သလို စားသောက် နေကြရတယ်လို့လည်း ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က တည်ဆောက်ပေးခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့ စက်မှုဇုန် စစ်ဘေးဒုက္ခသည်စခန်းမှာလည်း စားရေး၊ သောက်ရေး အခက်အခဲနဲ့ ရင်ဆိုင် နေကြရတယ်လို့ ဒုက္ခသည်စခန်းတာဝန်ခံ ဦးကျော်သန်းက RFAကို ပြောပါတယ်။

အစိုးရက ထောက်ပံ့တဲ့ ဆန်ရိက္ခာ ရရှိပေမယ့် ဟင်းချက်ဖို့ ဆီ၊ ဆား၊ ငရုတ် စတဲ့ မီးဖိုချောင်းသုံးပစ္စည်းတွေ လုံးဝအခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

အရင်တုန်းကဆိုရင် အဲဒါတွေကို အရပ်ဖက်အဖွဲ့အစည်းတွေက လာရောက်လှူဒါန်းကြရပြီး အခုလက်ရှိတော့ ကိုဗစ်ကြောင့် လာရောက်လှူဒါန်းတာ မရှိတော့တဲ့အတွက် အခက်အခဲ ဖြစ်နေကြတာလို့လည်း ဦးကျော်သန်းက ပြောပါတယ်။

မိုးရာသီဖြစ်တာကြောင့် အလုပ်အကိုင်တွေလည်း ရှားပါးသွားသလို နေရပ်ပြန်ဖို့ကလည်း ရွာအနီး အနားမှာ စစ်တပ်က တပ်စွဲထားတာတွေ၊ မိုင်းအန္တရာယ်တွေကြောင့် ဒုက္ခသည်တွေဟာ နေရပ် မပြန်ရဲကြဘူးလို့လည်း ဆိုပါတယ်။

အဲဒီလိုပဲ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မင်းပြား၊ မြေပုံ၊ အမ်း စတဲ့မြို့နယ်တွေက စစ်ဘေး ဒုက္ခသည်စခန်း ၂၀ကျော်မှာလည်း အခုလိုပဲ ရိက္ခာအခက်အခဲ ဖြစ်နေကြတယ်လို့ ရခိုင်တိုင်းရင်းမျိုးနွယ်များ အစည်းအရုံး (REC) က ပြောပါတယ်။

စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရိက္ခာတွေ ပြတ်လတ်နေတာဟာ ဘေးစီမံဌာနအနေနဲ့ ဘဏ်တွေကနေ ငွေထုတ်လို့ မရတာကြောင့်ဖြစ်ပြီး အခုလက်ရှိတွေ ငွေကြေး ပြေလည်လာတဲ့အတွက် ဒုက္ခသည်စခန်း တချို့ကို ဖြေရှင်းပေးနေပြီလို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးသန်းထွန်းက ပြောပါတယ်။

တခြား ဒုက္ခသည်စခန်းတွေကိုလည်း ရိက္ခာတွေ မပြတ်လပ်အောင် ဖြေရှင်းပေးသွားမှာ ဖြစ်သလို နောက်ထပ် ဘဏ်ကနေ ငွေထုတ်ဖို့ အခက်အခဲ မဖြစ်အောင်လည်း စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးပဋိပက္ခ ကာလအတွင်း အိုးအိမ်တွေ စွန့်ခွာပြီး စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ခုံလှုံနေရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သောင်း ရှစ်ထောင်ကျော်နဲ့ စခန်းပြင်ပမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် သုံးထောင်ကျော် စုစုပေါင်း ၁၀၁,၀၀၀ တစ်သိန်း တစ်သောင်း ကျော် ရှိနေသေးတယ်လို့ REC ရဲ့ စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့