ရခိုင်ပြည်နယ်မှာ ကူညီရေးအဖွဲ့တွေ ပြန်ထားဖို့ ကုလနဲ့ ဗြိတိန် တိုက်တွန်း


2014.04.07
muslim-refugees-305.jpg စစ်တွေမြို့နယ် ဒါးပိုင်ကျေးရွာ မွတ်စလင် ဒုက္ခသည်စခန်းပုံ
photo: RFA/ Min Thein Aung

ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု ကူညီစောင့်ရှာက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြတဲ့ ကုလသမဂ္ဂအပါအဝင် အစိုးရမဟုတ်တဲ့ ကူညီရေး အဖွဲ့တွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး ၊ ကျန်ရစ်ခဲ့တဲ့ ဒုက္ခသည်စခန်းတွေမှာ ရေနဲ့ ကျန်းမာရေးစောင့်ရှောက် မှုတွေ အကြီးအကျယ်ချို့တဲ့သွားစေတဲ့ လုပ်ရပ်တွေဟာ လူကို လူလိုသဘောမထားတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ရာရောက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ်မှာ နောက်ဆုံးဖြစ်ပွားခဲ့တဲ့  အကြမ်းဖက်မှုတွေကြောင့် နိုင်ငံတကာ ကူညီရေးအဖွဲ့တွေရဲ့ ဝန်ထမ်းပေါင်း ၁၇၀ ကျော် ပြည်နယ်ထဲက ထွက်ခွာသွားခဲ့ရပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ နိုင်ငံတကာ ကူညီရေးလုပ်သားတွေ ပထမဆုံးအကြိမ် အစုလိုက်အပြုံလိုက် အဓမ္မမောင်းထုတ်ခံခဲ့ရတာဖြစ်ပြီး၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းကြီးတစ်ခုလုံး ဆိုးဆိုးရွားရွား ထိခိုက်ပြိုလဲသွားမယ့် စိုးရိမ်ဖွယ်ရာ အလားအလာလည်းဖြစ်တယ်လို့ ဆိုပါတယ်။

ကူညီရေးအဖွဲ့တွေနဲ့ ဝန်ထမ်းတွေ မရှိတော့တာကြောင့် ဒုက္ခသည်စခန်းတွေထဲက လူဦးရေ တစ်သိန်း လေးသောင်းလောက်နဲ့၊ ပြင်ပနဲ့ အဆက်ပြတ်နေတဲ့ ရွာတွေက လူဦးရေ ၇ သိန်းလောက်ရဲ့ ကျန်းမာရေးစောင့်ရှောက်ခံရမှုအတွက် အကြီးအကျယ် ထိခိုက်သွားမှာဖြစ်ပါတယ်။ တချို့ဒုက္ခသည်စခန်းတွေမှာ သီတင်းတစ်ပတ်အတွင်း ရေပြတ်သွားတော့မှာဖြစ်တာကြောင့် အစိုးရအနေနဲ့ ကူညီစောင့်ရှောက်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Quintana က တိုက်တွန်းလိုက်ပါတယ်။

အလားတူ ဗြိတိသျှ ဓနသဟာယ နိုင်ငံခြားရေးရုံး FCO ရဲ့ အာရှဆိုင်ရာ လက်ထောက်ဝန်ကြီး Hugo Swire က ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို မနေ့ကဆင့်ခေါ်ပြီး ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာကူညီရေးအဖွဲ့တွေ အမြန်ဆုံးပြန်ထားပြီး၊ လုပ်ငန်းတွေဆောင်ရွက်ခွင့်ပြုဖို့ ပြောကြားခဲ့ကြောင်း FCO  က ကြေညာချက်ထုတ်ပြန်ပါတယ်။

ဒါ့ပြင် ရခိုင်ပြည်နယ်မှာ သန်းခေါင်စာရင်းကောက်ယူပုံနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ရကြောင်း၊ နိုင်ငံတကာ အဆင့်အတန်းမီ သန်းခေါင်စာရင်းဖြစ်ဖို့ မိမိတို့အနေနဲ့ မြန်မာအစိုးရကို ထပ်ခါတလဲ တိုက်တွန်းခဲ့ကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအပါအဝင် တခြားအလှူရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး၊ ရှေ့အဖို့ ဘယ်လိုဆက်လက်ဆောင်ရွက်ကြမလဲဆိုတာ ဆုံးဖြတ်ကြမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာကောက်ခံမယ့် သန်းခေါင်စာရင်းလုပ်ငန်းအတွက် ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်၊ နော်ဝေး၊ သြစတြေးလျ၊ ဖင်လန်၊ ဆွီဒင်၊ ဂျာမဏီနဲ့ ဂျပန်နိုင်ငံတွေက ကုလသမဂ္ဂ UNFPA က တဆင့် ရန်ပုံငွေနဲ့ နည်းပညာဆိုင်ရာတွေ ပံ့ပိုးကူညီခဲ့ကြပါတယ်။ ဗြိတိန်နိုင်ငံက ပေါင်စတာလင် ၁၀ သန်း ထည့်ဝင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။