ကိုးလကြာ အင်တာနက်ဖြတ်တောက်ထားလို့ ဒေသခံတွေ ထိခိုက်နေ


2020.03.23

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစိုးရက မိုဘိုင်းအင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားတာ မနေ့က ကိုးလပြည့်သွားပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကပင် ရက်ပေါင်း ၄၀ ကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကျောက်တော်နဲ့ ပလက်ဝမြို့နယ်အစပ် တဝိုက်က မီးဝ၊ ပွီဟုန်း၊ လိပ်ခေါင်း၊ ဝက်မ၊ မီးဇာဝ အစရှိတဲ့ ကျေးရွာပေါင်း ကိုးရွာခန့်လောက်မှာ နေအိမ်တွေ မီးရှို့ခံခဲ့ရသလို အရပ်သားအများအပြားလည်း သေကြေထိခိုက်ခဲ့ရပါတယ်။

ကျောက်တော်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက အင်တာနက် အပိတ်ခံထားရတာကြောင့် အရပ်သားတွေ ထိခိုက်မှုပိုများခဲ့တယ်လို့ ပြောပါတယ်။

အစိုးရက ပြီးခဲ့တဲ့နှစ် ဇွန်လ ၂၂ ရက်နေ့ မနက်ပိုင်းကစပြီး မိုဘိုင်းအင်တာနက်တွေကို မြို့နယ် ကိုးခုမှာ ဖြတ်တောက်ခဲ့တာပါ။

အချိန် နှစ်လကျော်အကြာမှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပလက်ဝ မြို့နယ်တွေကို ပြန်ဖွင့်ခဲ့ပေမယ့် နောက်ထပ်အချိန် ခြောက်လအကြာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာတော့ ပြန်ဖွင့်တဲ့မြို့နယ်တွေကိုပါ ပြန်လည်ဖြတ်တောက်ခဲ့ပါတယ်။

အင်တာနက် ဖြတ်တောက်ခံရမှုကြောင့် စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီတွေရရှိမှု နည်းပါးခဲ့ရသလို လက်နက်ကိုင်အဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုများလာခဲ့ကြောင်း ဒေသခံလွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

တစ်ဖက်မှာ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ပတ်သက်လို့ အင်တာနက် အပိတ်ခံထားရတဲ့မြို့နယ်တွေက ပြည်သူတွေ သိခွင့်မရကြပါဘူး။

ရသေ့တောင်မြို့နယ်က ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဦးစိုးကျော်မြင့်က အင်တာနက် အပိတ်ခံထားရတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်သတင်းတွေကို သိခွင့်မရကြဘူးလို့ ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကတော့ အင်တာနက်ကို ဆက်ပိတ်ထားဦးမယ်ဆိုရင် ဒေသခံတွေအတွက် ပိုပြီးတော့ စိုးရိမ်စရာဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာ အင်တာနက် ဖြတ်တောက်ထားတာဟာ တည်ငြိမ်အေးချမ်းရေးအတွက်လို့ အစိုးရက အကြောင်းပြပေမယ့် လက်တွေ့မှာတော့ တိုက်ပွဲတွေသာ ပိုများလာခဲ့သလို အရပ်သားတွေအပေါ် ထိခိုက်မှုကလည်း ပိုများလာစေခဲ့တယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အစိုးရက ဘယ်လိုဆောင်ရွက်မလဲဆိုတာကို သိနိုင်ဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို ဒီနေ့ညနေ ၅ နာရီမှာ RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေနဲ့ဆက်နွယ်ပြီးတော့ ဒီနေ့အထိ နေရပ်စွန့်ခွာထွက်ပြေးနေရသူ အရေအတွက်ဟာ တစ်သိန်းခွဲလောက်ရှိနေပြီလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) က ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ RFA က ရရှိခဲ့တဲ့အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ကနေ မတ်လ ၂၀ ရက်နေ့အထိ အချိန် သုံးပတ်ကျော်ကာလအတွင်းမှာ သေဆုံးတဲ့အရပ်သား ၄၆ ဦးထက်မနည်းရှိနေသလို ထိခိုက်ဒဏ်ရာရသူဟာလည်း ၁၃၀ ကျော်အထိ ရှိပါတယ်။

ရခိုင်လွှတ်တော် ကိုယ်စားလှယ်တချို့နဲ့ အင်တာနက် အခွင့်အရေးလှုပ်ရှားသူတွေက အင်တာနက်ပြန် ဖွင့်ပေးဖို့ အစိုးရကို ရန်ကုန်မှာဆန္ဒပြတောင်းဆိုခဲ့တာရှိပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း ယန်ဟီလီကလည်း အင်တာနက်သုံးစွဲရေးဟာ အခြေခံလူ့အခွင့်အရေး ဖြစ်တာကြောင့် ပြန်ဖွင့်ပေးသင့်တယ်လို့ အစိုးရကို တိုက်တွန်းထားတာ ရှိပါတယ်။ ဒါပေမဲ့ ဒီနေ့အချိန်အထိ ပြန်ဖွင့်ပေးခြင်းတော့ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။