လမ်းလျှောက် ရခိုင်သံဃာတော် ငါးပါး သံတွဲကို ရောက်ရှိ


2014.04.17

ရခိုင်ပြည်နယ် ကျေးလက်ဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောက်ဖြူမြို့မှာ ကျင်းပပြုလုပ်မယ့် ရခိုင်အမျိုးသား ညီလာခံမှာ တက်ရောက်ဆွေးနွေးဖို့  သံဃာတော် ငါးပါးဟာ ဂွမြို့ကနေ  မိုင် ၂ဝဝ ကျော်ဝေးတဲ့ ကျောက်ဖြူမြို့ကို လမ်းလျှောက်ကြွချီနေရာမှာ ဒီကနေ့ သံတွဲမြို့နယ် ထဲကို ရောက်ရှိ လာကြပါတယ်။

အခုလို ညီလာခံတက်ဖို့ လမ်းလျှောက်ကြွချီရတဲ့ ရည်ရွယ် ချက်နဲ့ပတ်သက်ပြီး လမ်းလျှောက်ကြွနေတဲ့ ဆရာတော် အရှင်ရက္ခဝံသ က RFA ကိုအခုလိုမိန့်ပါတယ်။

"ဦးဇင်း လမ်းလျှောက်နေတဲ့ ရည်ရွယ်ချက်ကတော့ လမ်းတစ်လျှောက်လုံး ပြည်သူလူထုတွေနဲ့တွေ့မယ်၊ ပြည်သူလူထုတွေထဲမှာ ဘာတွေခံစားချက်ရှိလဲ ဥပမာ မီးရရှိရေး၊ ရေရရှိရေး အဲ့ဒါပြည်သူလူထုတွေရဲ့ အခတ်အခဲကို ပြည်သူလူထုတွေနဲ့ ထိတွေ့ ပြီးတော့ သူတို့ဆီက သင်ပေးလိုက်တဲ့ဟာကို ဦးဇင်းက ညီလာခံမှာ တင်ပြမယ်ပေါ့၊ ရည်ရွယ်ချက်ကတော့ အဲ့ဒါပါ"

ဂွမြို့ကနေ သံတွဲမြို့ကို လမ်းခရီးခဲ့တဲ့အချိန်အတွင်း လျှပ်စစ်မီးရရှိဖို့နဲ့ သောက်သုံးရေရရှိဖို့အတွက် နယ်ဒေသတွေပြည်သူတွေက ဆရာတော်တွေကိုလျှောက်ထားခဲ့ပြီး အဲဒီကိစ္စတွေကို ရခိုင်အမျိုးသား ညီလာခံမှာ တင်ပြသွားမယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။

ရခိုင်အမျိုးသားညီလာခံကို လာမယ့် ဧပြီလ ၂၇ ရက်နေ့ကနေ မေလ ၁ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံ မကွေးစာသင်တိုက်မှာ သီတင်းသုံးနေတဲ့ ဆရာတော် အရှင်ရက္ခဝံသဟာ မြောက်ဒဂုံစာသင်တိုက်တွေက သံဃာတော်တွေနဲ့အတူ ဧပြီလ ၁၁ ရက်နေ့က ရခိုင်ပြည်နယ် ဂွမြို့ကနေ စတင်လမ်းလျှောက်ကြွချီနေတာဖြစ်ပြီး လမ်းခရီးတစ်လျှောက်က ဒေသခံတွေပူးပေါင်းပါဝင်တာကြောင့် အခုဆိုရင် လူ၁ဝဝ နီးပါး ရှိသွားပြီးလို့လည်းသိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။