ရခိုင် အာဏာကျဆုံးမှု နှစ်ပတ် လည် ကျင်းပ


2014.12.31
rakhine-nation-falling-305.jpg နှစ်ပေါင်း ၂၃၀ ပြည့် ရခိုင်အချုပ်အခြာအာဏာကျဆုံးခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၃၁ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့မှာပြုလုပ်စဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် အချုပ်အခြာကျဆုံး ခဲ့တဲ့ နှစ်ပေါင်း၂၃၀ ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား ဟောပြောပွဲတွေကို စစ်တွေ၊ မြောက်ဦး၊ ဘူးသီးတောင် စတဲ့မြို့နယ်တွေမှာ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ဒီကနေ့ ကျင်းပခဲ့ကြပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း တိုင်းရင်း သားတွေရဲ့ သမိုင်းကြောင်းတွေ တဖြည်းဖြည်း မှေးမှိန် လာတဲ့အတွက် ရခိုင်သမိုင်းနဲ့ပတ်သက်ပြီး လူငယ်တွေ သိစေချင်တာကြောင့် အခုလို ဟောပြောပွဲအခမ်းအ နားတွေ ကျင်းပတာလို့ စစ်တွေမြို့က ဟောပြောပွဲကို ဦးစီးကျင်းပတဲ့ ရခိုင်အမျိုးသားပါတီ ANP ဒုတိယဥက္ကဌ ဦးခိုင်ပြည်စိုးက ပြောပါတယ်။

"အခုမြန်မာနိုင်ငံမှာ လက်ရှိလွတ်လပ်ရေးရကတည်း က ပြဌာန်းနေတဲ့ သမိုင်းစာအုပ်တွေမှာ အကုန် လုံးဖော်ပြနေတဲ့ သမိုင်းအထောက်အထားတွေက ဗမာလူမျိုးတွေ ထင်ပေါ်ကျော်ကြားမှု၊ သြဇာကြီးမားမှုတွေကို ဖော်ပြနေတဲ့အတွက်ကြောင့် တခြားလူမျိုးတွေရဲ့ သမိုင်းကြောင်းတွေဟာ ပျောက်ကွယ်သွားတယ်၊ ဒါကြောင့်မို့လို့ ကျနော်တို့ကလည်း ရခိုင်လူမျိုးတွေအနေနဲ့ မိမိတို့လူမျိုးတွေရဲ့ သမိုင်းကြောင်း၊ ရခိုင်တွေ ဘယ်လိုဖြစ်လာသလဲ၊ အချုပ်အခြာအာဏာက ဘယ်လိုကျဆုံး သွားလဲ၊ အဲ့အချုပ်အခြာအာဏာ မကျဆုံးခင်က ရခိုင်ကဘယ်လိုရှိသလဲ ဆိုတဲ့ဟာတွေကို ရခိုင်ပြည်သူတွေ သိစေချင်တယ်၊ အဲ့ဒီ့ရည်ရွယ်ချက်နဲ့ ဒီပွဲကိုလုပ်တာဖြစ်ပါတယ်"

ရခိုင်ပြည်နယ် အချုပ်အခြာအာဏာကျဆုံးတဲ့ နှစ်ပေါင်း ၂၃၀ ပြည့် အခမ်းအနားတွေကို ရခိုင်ပြည်နယ်အနှံ့ မှာ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကဦးဆောင်ပြီး ဟောပြောပွဲတွေအပြင် ကဗျာရွတ် ဖတ်တာတွေ၊ သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းတာတွေနဲ့ ဆီမီးထွန်းညှိတဲ့ အစီအစဉ်တွေကိုလည်း ပြုလုပ် ခဲ့ကြပါတယ်။

ရခိုင်လူမျိုးတွေဟာ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက ကိုယ့်ထီးကိုယ့်နန်းနဲ့ အုပ်ချုပ်နေထိုင်လာခဲ့ကြရာကနေ သက္ကရာဇ် ၁၁၄၆ ခုနှစ်မှာ ဗမာဘုရင် ဘိုးတော်မောင်ဝိုင်းရဲ့ သိမ်းပိုက်မှုကြောင့် ရခိုင်လူမျိုးတွေရဲ့ ထီးနန်းကျဆုံးခဲ့ တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။