တိုက်ပွဲနောက်ဆက်တွဲ ပြဿနာတွေ ဖြေရှင်းဖို့ အစိုးရကို ရခိုင်အမတ်ပြော

2019-09-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဒုက္ခသည်အရေး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ လွှတ်တော်မှာ ၂၀၁၉ စက်တင်ဘာ ၁၃ ရက်နေ့က မေးမြန်းနေစဉ်
ဒုက္ခသည်အရေး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ လွှတ်တော်မှာ ၂၀၁၉ စက်တင်ဘာ ၁၃ ရက်နေ့က မေးမြန်းနေစဉ်
Photo: Amyothar Hluttaw

အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကို မတားဆီးနိုင်ရင်တောင် နောက်ဆက်တွဲ အကျိုးဆက်ပြဿ နာတွေကို လျော့ပါးအောင် အစွမ်းကုန်ကြိုးစားပေးဖို့ တာဝန်ရှိကြောင်း ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ က ဒီနေ့ ပြောလိုက်ပါတယ်။

တိုက်ပွဲရှောင်စခန်းတွေမှာ ခိုလှုံနေသူတွေ မူလနေရပ်ကို ဘေးကင်းလုံခြုံစွာပြန်နိုင်ရေး၊ အခြေချနေထိုင်နိုင်ရေးနဲ့ စားဝတ်နေရေးပြေလည်ဖို့အတွက် အစိုးရက ဘယ်လိုစီမံကိန်းတွေ ချမှတ်ဆောင်ရွက်နေလဲလို့ ကိုယ်စားလှယ် ဒေါ်ထုမေက အမျိုးသားလွှတ်တော်မှာ ဒီနေ့ မေးမြန်းရာမှာ အဲဒီလိုထည့်သွင်းပြောကြားလိုက်တာပါ။ ဒုက္ခသည်တွေ ခိုလှုံနေတဲ့ စခန်းအတော်များများဟာ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေ နေထိုင်ဖို့ မသင့်တဲ့အခြေအနေရှိနေကြောင်း၊ မိုးတွင်းကာလမှာဆိုရင် နေထိုင်ရခက်ခဲပြီး သန့်ရှင်းမှုမရှိလို့ အာဟာရချို့တဲ့မှု၊ ဝမ်းပျက်ဝမ်းလျှော စတဲ့ ဝေဒနာတွေ ခံစားနေရတဲ့အတွက် အသက်အန္တရာယ် စိုးရိမ်နေရကြောင်းလည်း ဒေါ်ထုမေက ပြောခဲ့ပါတယ်။

ဒီဒုက္ခသည်တွေကို ပြည်တွင်းပြည်ပက ကူညီကယ်ဆယ်ရေးအဖွဲ့တွေ၊ ကုလသမဂ္ဂ အဖွဲ့တွေ ဝင်ရောက် ကူညီထောက်ပံ့ပေးနိုင်ရေးအတွက် အစိုးရအနေနဲ့ ဖိတ်ခေါ်ဖို့ လိုအပ်သလို၊ လာမယ့် အဖွဲ့တွေကိုလည်း လမ်းဖွင့်ပေးသင့်တယ်လို့လည်း ဆိုပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒီဒုက္ခသည်တွေ အတွက် ဆန်ရိက္ခာအပါအဝင် စားသောက်ကုန်နဲ့ ကယ်ဆယ်ရေးအသုံးအဆောင် စုစုပေါင်း ငွေကျပ်သန်းပေါင်း တစ်သောင်းလေးထောင်ကျော် ထောက်ပံ့ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

အဲဒီထဲမှာ တိုက်ပွဲကြောင့် သေဆုံးထိခိုက်ဒဏ်ရာရသူတွေကို ကူညီထောက်ပံ့တဲ့ငွေကြေးလည်း ပါဝင်ပါတယ်။ အစိုးရမဟုတ်တဲ့ အကူအညီပေးရေးအဖွဲ့တွေကိုတော့ နယ်မြေလုံခြုံရေးအခြေအနေအရ သွားလာမှုကို စိစစ်တာသာရှိကြောင်း၊ လိုအပ်ချက်တွေအရ ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းသွားခွင့်ပြုကြောင်းလည်း ဝန်ကြီးက ပြောခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားရာ မြို့နယ် ရှစ်မြို့နယ်ထဲက ခြောက်မြို့နယ်မှာတော့ ကျပ်သန်းပေါင်း ၁၆၀၀ ကျော် အကုန်အကျခံပြီး ကယ်ဆယ်ရေးစခန်း ၇ ခု ဆောက်လုပ်ပေးနေတယ်လို့ ဝန်ကြီးရဲ့ ပြောကြားချက်အရ သိရပါတယ်။

လက်ရှိမှာ နယ်မြေတည်ငြိမ်မှုရှိတဲ့နေရာတွေကို စာရင်းကောက်ယူနေပြီး အဲဒီစာရင်းအရ နယ်မြေလုံခြုံရေး စိတ်ချရတဲ့နေရာတွေဆိုရင် ဒုက္ခသည်တွေဆန္ဒအရ နေရပ်ပြန်ပို့ပေးသွားမှာဖြစ်ပြီး ကျန်တဲ့သူတွေကိုတော့ မကြာခင်ဆောက်လုပ်ပြီးစီးမယ့် ကယ်ဆယ်ရေးစခန်း ၇ ခုကို ရွှေ့ပြောင်းပေးသွားမယ်လို့ ဝန်ကြီးက ပြောခဲ့ပါတယ်။

ဒီစစ်ဘေးဒုက္ခသည်တွေကို ကူညီရေး၊ နေရပ်ပြန်ရေးနဲ့ ပတ်သက်လို့ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးရဲ့ ဖြေကြားချက်တွေဟာ လက်တွေ့နဲ့ ကင်းကွာနေတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက လွှတ်တော်အပြီးမှာ ဝေဖန်ပြော ဆိုပါတယ်။

ရခိုင်ပြည်နယ်က စစ်ဘေးရှောင်ဒုက္ခသည် အရေအတွက်နဲ့ ပတ်သက်လို့တော့ အစိုးရရဲ့ စာရင်းမှာသုံးသောင်းနီးပါး သာရှိပြီး ဒေသအခြေစိုက် အကူအညီပေးရေးအဖွဲ့တွေရဲ့ စာရင်းတွေအရတော့ ဒုက္ခသည် ခုနစ်သောင်းနီးပါး ရှိနေပါတယ်။

(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့