စစ်ဘေးဒုက္ခသည်တွေ ကျန်းမာရေး စောင့်ရှောက်မှု အရေးပေါ်လိုအပ်နေ

2019-07-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တင်းထိန်​ကန်​စခန်းက ဖျားနား​နေ​တဲ့ မိသားစုတစ်​စုကို တွေ့ရစဉ်
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တင်းထိန်​ကန်​စခန်းက ဖျားနား​နေ​တဲ့ မိသားစုတစ်​စုကို တွေ့ရစဉ်
Photo: Rakhine Ethnics Congress

ရခိုင်ပြည်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးချို့တဲ့သူတွေ များလာတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေသူတွေဟာ မိုးရာသီရောက်လာတာနဲ့အမျှ ကျန်းမာရေးချို့တဲ့လာတဲ့အတွက် အခုဆိုရင် လူဦးရေ ၇၀၀ လောက် ရောဂါဝေဒနာတွေ ခံစားနေရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ဒီကာလမှာ မိုးကြီးနေတာကြောင့် ဖျားနာသူတွေများလာသလို စားနပ်ရိက္ခာအခက်အခဲကြောင့် ကျန်းမာရေးချို့တဲ့သူတွေ များလာတာလို့ ဆိုပါတယ်။

ဒီစစ်ဘေးဒုက္ခသည်တွေကို လိုအပ်တဲ့ ကူညီစောင့်ရှောက်မှုတွေပေးနိုင်မယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းအရပ်ဖက် အဖွဲ့အစည်းတွေကို အစိုးရက ကန့်သတ်ထားတာကြောင့် အခုအရေးပေါ်လိုအပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အကူအညီတွေကို အစိုးရက အပြည့်အ၀ တာဝန်ယူသင့်တယ်လို့လည်း ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

မြောက်ဦးမြို့နယ် တိမ်ညိုတိုက်နယ်အတွင်းက ဒုက္ခသည်စခန်း ခုနှစ်ခုမှာဆိုရင် ဖျားနာသူ ၁၀၀ ကျော်အပါအ၀င် အအေးမိချောင်းဆိုးသူနဲ့ ဝမ်းလျှောသူစုစုပေါင်း ၂၀၀ နီးပါးရှိတယ်လို့ REC တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိဒုက္ခသည်တွေဟာ နေထိုင်မကောင်းဖြစ်ရင် စခန်းနဲ့ ငါးမိုင်ခန့်ဝေးတဲ့ မြောက်ဦးမြို့ပေါ်ကို သွားရောက်ကုသနေရပြီး ငွေကြေးအခက်အခဲတွေပါ ကြုံတွေ့နေရတယ်လို့ စခန်းတာဝန်ခံတွေက ပြောကြပါတယ်။

ရခိုင်စစ်ဘေးဒုက္ခသည်တွေကို ကျန်းမာရေးစောက်ရှောက်မှုအပါအဝင် ပညာရေး၊ စားဝတ်နေရေးတွေကို ပြည်နယ်အစိုးရက အကူအညီပေးဖို့ ရခိုင်ပြည်နယ်လွှတ်တော်မှာ အဆိုအောင်မြင်ခဲ့ပေမယ့် အစိုးရက လက်ရှိအချိန်ထိ အကောင်အထည်ဖော်တာမရှိဘူးလို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

လိုအပ်တဲ့ ကျန်းမာရေးအကူအညီတွေကို ကျေးလက်ကျန်းမာရေးဦးစီးဌာနတွေကတဆင့် ပြည်နယ်အစိုးရထံ တင်ပြလာရင် ကူညီပေးမှာဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့် က RFA ကို ပြောပါတယ်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ထုတ်ပြန်ချက်အရ ဇွန်လ တတိယပတ်အထိ ရသေ့တောင်၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တောမြို့နယ်တွေက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည် နှစ်သောင်းကျော်ရှိပြီး စခန်းကိုမရောက်ဘဲ နီးစပ်ရာရွာတွေမှာ ရှိနေတဲ့ စစ်ဘေးသင့် ဒုက္ခသည်တွေကတော့ နှစ်သောင်းခြောက်ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။

(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့