ရခိုင် စစ်ဘေးဒုက္ခသည်တွေ ကိုဗစ်အန္တရာယ်နဲ့ ရင်ဆိုင်နေရ

တင်အောင်ခိုင် (ဝါရှင်တန်ဒီစီ)
2021.08.02

ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ်ရောဂါကူးစက်ခံလို့ သေဆုံးမှုတွေ၊ ပိုးတွေ့လူနာတွေ တစ်နေ့တခြား တိုးလာ နေတာကြောင့် လူတွေစုပြုံနေထိုင်နေရတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ကူညီဆောင်ရွက်ပေးသူတွေနဲ့ ဒုက္ခသည်တွေက RFA ကို ပြောပါတယ်။

ဒုက္ခသည်စခန်းအားလုံးနီးပါးမှာ ကိုရိုနာဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်ဖို့ နှာခေါင်းစည်းတွေ၊ လက်သန့် ဆေးတွေလည်း လုံလုံလောက်လောက် မရှိကြသလို ဒုက္ခသည်တွေဟာ နဂိုကတည်းက ကိုယ်ခံအားနည်း နေတာကြောင့် ရောဂါပိုးကူးစက်ခံရရင် ထိန်းချုပ်လို့ မရနိုင်တော့တဲ့ အခြေအနေအထိ ဖြစ်သွားနိုင်တယ် လို့ ဒုက္ခသည်တွေကို စာရင်းကောက်ယူနေတဲ့ ရခိုင်တိုင်းရင်းသားများမျိုးနွယ် အစည်းအရုံး (REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“ကိုဗစ် တတိယလှိုင်းဖြစ်လာတဲ့ အချိန်အခါမှာ နှာခေါင်းစည်းတွေ၊ လက်သန့်ဆေးတွေကတော့ အများအပြား လိုအပ်လာတယ်ပါ့နော်။ ထောက်ပံ့မှုတွေကျတော့ မပေးနိုင်ကြဘူး။ မပေးနိုင်တဲ့ အခါမှာ သူတို့က နဂိုက ကျန်နေခဲ့တဲ့ အနည်းငယ်ကို သုံးနေကြတယ်။ တချို့လည်း နှာခေါင်းစည်း မတပ်နိုင်ဘူး။ ကလေးတွေ သက်ကြီး ရွယ်အိုတွေအတွက်ကိုလည်း နှာခေါင်းစည်းတွေ ရှိမနေဘူး။ သူတို့မှာ ကိုယ်ခံအား ကလည်း နဂိုကတည်းက နည်းနေတဲ့ အခြေအနေမှာရှိတယ်။ ဖျားနာ ချောင်း ဆိုး ရာသီပေါ်ရောဂါတွေက လည်း မကြာခဏဖြစ်နေတဲ့ အခါကျတော့ အဲဒီစခန်းတွေထဲကိုသာ ကိုဗစ်ကကူးစက်သွားမယ်၊ သူ့တို့ဆီကို ရောက်သွားမယ်ဆိုလို့ရှိရင် အသက်ဆုံးရှုံးမှုတွေက အရမ်းကို များသွားလိမ့်မယ်ပေါ့နော်။ အဲဒီအခါကျလို့ရှိရင် ဘယ်လိုမှထိန်းချုပ်လို့မရတဲ့ အနေအထားတွေကို ရောက်သွားဖို့ရှိပါတယ်”

မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း၊ ဘူးသီးတောင်၊ ရသေ့ တောင် စတဲ့ မြို့နယ်တွေက စစ်ဘေးဒုက္ခသည်စခန်းက ၁၀၀ ကျော်မှာ အခုလို ရင်ဆိုင်နေကြရတာပါ။

မြောက်ဦးမြို့နယ် စင်္ဘောကိုင်း စစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင် ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ ခုနှစ်ဦး တွေ့လို့ စခန်းကိုလည်း အသွားအလာ ကန့်သတ်ထားပါတယ်။ ဒုက္ခသည်တွေဟာ ရာသီပေါ်ရောဂါတွေ လည်း ဖြစ်နေတာကြောင့် ဆေးဝါးတွေ အခက်အခဲ ဖြစ်နေတယ်လို့ ဒုက္ခသည်စခန်းကော်မတီဝင် ဦးမောင်မောင်စိုး က RFA ကိုပြောပါတယ်။

“ကျန်းမာရေးနဲ့ ပတ်သက်လို့ ဖျားတယ်၊ ချောင်းဆိုးတယ်၊ နှာစီးတယ်။ နောက်ပြီးတော့ မျက်စိ နာတယ်၊ ခေါင်းမူးတယ်၊ ခေါင်းကိုက်တယ်။ အဓိက အဲဒီရောဂါတွေက ဖြစ်နေတယ်။ ဒီမှာက ဆေးရုံ ဆေးခန်းလည်း မရှိဘူး။ ကျွန်တော်တို့ ဒုက္ခသည်စခန်းကို လော့ခ်ဒေါင်းလည်းချထားတော့ ဆေးဝါး တွေက ပြတ်နေတယ်။ နောက်ပြီးတော့ ကုသတဲ့သူတွေလည်း ဝင်ခွင့်မရဘူး။ ဒါကြောင့် အဓိက ဆေးဝါးတွေ လိုပါတယ်”

ကိုရိုနာဗိုင်းရပ်စ်ကိုကာကွယ်ဖို့ နှာခေါင်းစည်းတွေ၊ လက်သန့်ဆေးတွေနဲ့ ဆပ်ပြာတွေလည်း လုံလုံလောက်လောက် မရှိသလို စားရေးသောက်ရေးလည်း တော်တော်ခက်ခဲနေတယ်လို့ ဆိုပါတယ်။

"ဒီမှာက လူတွေအရမ်းများတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေဖို့ အဆင်မပြေဘူး"

အဲဒီ စင်္ဘောကိုင်း စစ်ဘေးဒုက္ခသည်စခန်းမှာ မြောက်ဦးမြို့နယ် လေးမြို့ချောင်း အရှေ့ဘက်က ဘုရားကြီး၊ မော်ရွာဟောင်း၊ မော်ရွာသစ်၊ ကုန်းရွာစတဲ့ ကျေးရွာတွေနဲ့ တခြားနီးစပ်ရာ ကျေးရွာတွေက စစ်ဘေးဒုက္ခသည် ၃၉၀၁ ဦး ခိုလှုံနေကြတာပါ။ လူဦးရေ သုံးထောင်ကျော် ခိုလှုံနေတဲ့ ညောင်ချောင်း စစ်ဘေးဒုက္ခသည် စခန်း မှာလည်း စခန်းအနီး ကျေးရွာအတွင်း ပိုးတွေ့လူနာတစ်ဦးတွေ့ပြီး ဒုက္ခသည် စခန်းမှာလည်း လူတွေ စုပြုံနေရတာကြောင့် စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်နေတယ်လို့ စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောပါတယ်။

“အခြေအနေကတော့ စိုးရိမ်ရတဲ့ အနေအထားလို့ ပြောလို့ရတယ်ပေါ့။ မနေ့ကဆိုရင်လည်း ကျွန်တော်တို့ ရွာထဲမှာ ပိုးတွေ့လူနာတစ်ဦး တွေ့တယ်ပေါ့နော်။ ဒီမှာက လူဦးကလည်း များတယ်။ တကယ်လို့ ဖြစ်ပြီ ဆိုလို့ရှိရင် ထိန်းချုပ်မရတဲ့ အနေအထားဖြစ်သွားမှာကို စိုးရိမ်တယ်။ ဒီမှာက လူတွေ အရမ်းများတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေဖို့ အပိုင်းကျတော့လည်း ဒီမှာက အဆင်မပြေဘူး။ နောက်ပြီးတော့ လိုအပ်တဲ့ပစ္စည်း အထောက်အပံ့တွေလည်း မရှိဘူး”

အဲဒီညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်းမှာတော့ ပလက်ဝမြို့နယ်က ကျေးရွာ ခြောက်ရွာနဲ့ ကျောက်တော်မြို့နယ်က ကျေးရွာ ၁၆ ရွာက စစ်ဘေးဒုက္ခသည် အိမ်ထောင်စုပေါင်း ၈၂၄ ခု လူဦးရေ သုံးထောင်ကျော်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက ခိုလှုံနေတာပါ။

rakhine-refugees.jpg
(ညောင်ချောင်းဒုက္ခသည်စခန်းမှာ နေထိုင်သူတွေကို ၂၀၂၀ နိုဝင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်)

ရခိုင်က ဒုက္ခသည်တွေစခန်းတွေ ရင်ဆိုင်နေရတာက ကပ်ရောဂါအန္တရာယ်တစ်ခုတည်း မဟုတ်ပါဘူး။ အခု ရက်ပိုင်း မိုးအပြင်းအထန်ရွာလို့ မြောက်ဦးမြို့နယ်အတွင်းက ပီပင်ရင်း၊ ကုလားချောင်း၊ တိမ်းညို စတဲ့ ဒုက္ခသည်စခန်းတွေနဲ့ အခြားဒုက္ခသည်စခန်းတချို့မှာလည်း ရေကြီးရေလျှံတဲ့ ဒုက္ခကြုံနေရပါတယ်။

မြောက်ဦးမြို့နယ် ပီပင်ရင်း စစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင် မနေ့က ဇူလိုင်လ ၂၈ ရက် ညအချိန် ရေတွေ လျှံတက်လာတာကြောင့် လူနေအဆောင် ၂၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး ဒုက္ခသည်အများအပြား ဘုန်းကြီးကျောင်း ကို ပြောင်းရွှေ့ခဲ့ရတယ်လို့ စခန်းတာဝန်ခံ ဦးသိန်းကျော်မြက ကိုပြောပါတယ်။

“ကိုဗစ်ပိုးတွေ့လူနာတွေလည်း တိုးလာတယ်ဆိုတော့ ကိုဗစ်ကာကွယ်ရေး ပစ္စည်းတွေကလည်း လိုတယ်။ စားဝတ်နေရေးအတွက် စားနှပ်ရိက္ခာတွေလည်း အကုန်လုံး လိုနေပါတယ်။ ၂၈ ရက်နေ့ ညက ၇ နာရီ လောက်မှာ စခန်းထဲမှာ ရေတအားပြည့်နေတယ်။ အိမ်ခန်း နှစ်ဆယ်ကျော်လောက် မြုပ်သွားတယ်။ သူတို့ကို အခုကျွန်တော်တို့ ဘုန်းကြီးကျောင်းကို တင်ထားရတယ်”

ပီပင်ရင်း စစ်ဘေးဒုက္ခသည်စခန်းမှာ အခန်း ၅၀၀ ကျော်ရှိပြီး မြောက်ဦးမြို့နယ်က အိမ်ထောင်စု ၅၆၄ ခု လူဦးရေ ၁၇၆၇ ဦး ခိုလှုံနေတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကလည်း ရခိုင်ပြည်နယ်အတွင်း နေရပ် စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာနဲ့ ပတ်သက်လို့ ကြိုတင် ကာကွယ်ရေးလုပ်ငန်းတွေ၊ လုပ်ဆောင်နေတယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။

UNHCR အနေနဲ့ ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ကျောက်တော်မြို့နယ်အတွင်း ဒုက္ခသည်စခန်း ၁၅ ခုက အိမ်ထောင်စုပေါင်း ၂၃၉၀ က လူဦးရေ ၉၇၃၃ ဦးကို နှာခေါင်းစည်း တစ်သောင်းနဲ့ ဆပ်ပြာတုံး သုံးသောင်းနီးပါး ဖြန့်ဝေခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒီမတိုင်ခင်ကလည်း ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်က အိမ်ထောင်စု ၂၈၀၀ နီးပါးအတွက် တစ်ကိုယ်ရေသုံး အကာအကွယ်ပစ္စည်း (PPE) အပါအဝင် နှာခေါင်းစည်း၊ ဆပ်ပြာနဲ့ အခြား သန့်ရှင်းရေး ပစ္စည်းတွေ ဖြန့်ဝေပေးခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးဦးသန်းထွန်းက စစ်ဘေးဒုက္ခသည်တွေ အတွက် ကိုဗစ် ကာကွယ်ရေးပစ္စည်းတွေနဲ့ သူတို့ စားဝတ်နေရေး အခက်အခဲ မဖြစ်အောင် လုပ်ဆောင်နေတယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ရက်နေ့က RFA ကို ဖြေကြားခဲ့ဖူးပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ် စွန့်ခွာပြီး ဒုက္ခသည်စခန်း အသီးသီးမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင် ခြောက်သောင်းကျော်နဲ့ စခန်းပြင်ပ နီးစပ်ရာ အသီးသီးမှာ ခိုလှုံနေကြသူ လေးသောင်းကျော်၊ စုစုပေါင်း စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်ရှိနေ သေးကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။