ရခိုင်ပြည်နယ် အခြေအနေ ပြန်လည်တည်ငြိမ်

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှု အခြေအနေတွေ ပြန်လည်တည်ငြိမ်သွားပြီလို့ နိုင်ငံတော် သမ္မတရုံး ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

2012.06.09
shwedagon-rakhine-protest-b305 ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု ဖြစ်ပွားနေချိန်တွင် ရခိုင်ပြည်ကို ကာကွယ်ပါ ဆိုသည့် စာတန်းအပါအဝင် စာတန်းများ ကိုင်ဆောင်ထားသူ လူအများအပြား ရွှေတိဂုံဘုရားပေါ်တွင် ဇွန်လ ၉ ရက်နေ့က စုရုံး ဆန္ဒဖော်ထုတ်နေစဉ်။
AFP

မောင်တောမြို့က ဒေသခံပြည်သူတွေအတွက် ပရဟိတကျောင်း၊ အောင်မြေဗောဓိကျောင်း နဲ့ ဗဟိုကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်း (၃) ခု ဖွင့်လှစ်ပြီး ကူညီစောင့်ရှောက်ပေးနေကြောင်း၊ ဆေးဝန်ထမ်းတွေ ရောက်ရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဒုတိယ ဝန်ကြီး ဦးဖုန်းဆွေတို့လည်း မောင်တောမြို့ကို ရောက်ရှိကွပ်ကဲနေတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့ မောင်တောမြို့တဝိုက်က ကျေးရွာ (၂၀) လောက် မီးရှိူ့ခံခဲ့ရရာမှာ ရွာ (၁၇) ရွာ ပျက်စီးခဲ့ တယ် လို့ သိရပါတယ်။ ရခိုင်ပြည်နယ်မှာ သောကြာနေ့က စတင်ခဲ့တဲ့ ပဋိပက္ခအတွင်း အနည်းဆုံး လူ (၇)ဦး သေဆုံးပြီး (၁၇) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အခုအခါ မောင်တောမြို့နယ်နဲ့ ဘူးသီးတောင် မြို့နယ်တွေမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပါတယ်။ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ လှုံ့ဆော်မှုတွေ ချက်ချင်းရပ်ဆိုင်းဖို့ မနေ့က ကြေညာချက်ထုတ်ပြန် မေတ္တာရပ်ခံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။