ရခိုင်မှာ တိုက်ပွဲတွေနဲ့ ဖမ်းဆီးတာတွေ ရပ်ဖို့ လူမှုအဖွဲ့တွေ တောင်းဆို


2016.01.26

ရခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ် တန့်ပြီး ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ နဲ့ ဒေသခံတွေကို သံသယနဲ့ ဖမ်းဆီးထိန်းသိမ်းတာတွေ မလုပ်ဖို့ ရခိုင်ပြည်နယ်က အရပ်ဘက်လူမှုအဖွဲ့အစည်းတွေစုပေါင်းပြီး ပြည်ထောင်စု အစိုးရဆီ တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ စစ်တွေမြို့ ကုန်းတန်းရပ်ကွက် စစ်ကဲတော်မင်းကျောင်းတိုက်မှာ အရပ်ဖက်လူမှုအဖွဲ့အစည်း တွေ ဆွေးနွေးကြပြီး အခုလိုတောင်းဆိုလိုက်တာလို့ ရခိုင်ပြည်နယ် စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီ စောင့်ရှောက် ရေး ရဟန်းတော်များအဖွဲ့ ဦးဆောင်ကော်မတီဝင် ဆရာတော် ဦးဓမ္မိက က မိန့်ကြားပါတယ်။

"ရခိုင်ပြည်အနှံ့အပြားမှာလည်း သူတို့ဖမ်းနေတယ်ဆိုတော့ ပြည်သူတွေကတော့ အကြောက်အလန့်ဖြစ်နေတာပေါ့၊ လက်ရှိဒီမိုကရေစီကို ဖော်ဆောင်နေတဲ့ ကာလမှာ ညင်ညင်သာသာ တစ်ခုဖြစ်အောင် ပြည်သူလူထုတွေကလိုလားနေကြတယ်၊ ဒါကို ဦးဇင်းတို့က နိုင်ငံတော်အစိုးရကို တောင်းဆိုတာပါ၊  နိုင်ငံတော် အစိုးရရော လက်နက်ကိုင်အဖွဲ့အစည်းတွေရော စားပွဲပေါ်မှာပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆွေးနွေးသွားရင် နိုင်ငံတော်အစိုးရအတွက်ရော၊ ပြည်သူလူထု အတွက်ပါ အကောင်းဆုံးဖြစ်မှာပါ"

ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းကတည်းက ရခိုင်ပြည်နယ် မြောက်ဦးခရိုင်ထဲမှာ AA ရခိုင့်တပ်မတော်နဲ့ အစိုးရ တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

ဒီရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်အတွင်းက မြို့တွေမှာ ရခိုင့်တပ်မတော်နဲ့ဆက်စက်ပြီး သံသယရှိသူတွေကို ဖမ်းဆီးထိန်းသိမ်းတာတွေ အတော်များနေတဲ့ အတွက် ဒေသခံတွေကလည်း စိုးရိမ်နေကြတယ်လို့ ဆရာတော် က မိန့်ကြားပါတယ်။

အဲဒီတောင်းဆိုချက်တွေကို နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ၊ ရွေး ကောက်ပွဲ အနိုင်ရ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ဆီ ပေးပို့သွားမယ်လို့ မိန့်ကြားပါတယ်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ပြီးခဲ့တဲ့ လဆန်းပိုင်းက ရခိုင့်တပ်မတော် AA နဲ့ ပတ်သက်ဆက်နွယ် သူ ၃ ဦးတို့ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မတွေနဲ့ တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ဒု-ရဲမှုးကြီး ဦးသစ်ဆန်း ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

လာမယ့် ရခိုင်ပြည်နယ်အစိုးရသစ်အနေနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် သုံးစွဲခွင့်ရမယ့် ဘတ်ဂျက် ကျပ် ၁၄၅ ဘီလီယံကို ပြည်နယ်လွှတ်တော်က မနေ့က အတည်ပြုလိုက်ပါတယ်။ အဲဒီထဲမှာ မလိုအပ်တဲ့ အသုံးစရိတ် လျာထားချက်တွေ ပါဝင်နေတယ်လို့လွှတ်တော် ကိုယ်စားလှယ်တွေက ဝေဖန်ကြပါတယ်။ RFA သတင်းထောက် ကိုမင်းသိန်းအောင် စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။