ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်မည်
2017.03.17
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ရဲ့ ကြားဖြတ်အစီရင်ခံစာကို ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်မှာ မတ်လ ၁၆ ရက်နေ့ က သတင်းစာရှင်းလင်းစဉ်
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ ကြားဖြတ်အစီရင်ခံစာပါ အချက်အလက်တွေကို အစိုးရအနေနဲ့ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင် ရွက်သွားမှာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။
မနေ့က မတ်လ ၁၆ ရက်နေ့ ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်မှာ အဲဒီကော်မရှင်က ကြားဖြတ်အစီရင်ခံစာနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံရုံးက အခုလို ထုတ်ပြန်ခဲ့တာဖြစ် ပါတယ်။
ကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာ အချက်ပေါင်း ၃၀ ပါဝင်ပါတယ်။
အဲဒီထဲမှာ လူသားချင်းစာနာ ထောက်ထားမှု ဆောင်ရွက်နေတဲ့ အဖွဲ့စည်းအားလုံးနဲ့ သတင်းမီဒီယာတွေကို ရခိုင်ပြည်နယ်အတွင်း က ပဋိပက္ခဖြစ်ပွားရာဒေသတွေကို သွားရောက်ခွင့်ရဖို့၊ ကျန်းမာရေးနဲ့ ပညာရေးကိစ္စတွေကို ညီတူညီမျှဖြစ်လာအောင် လုပ်ဆောင်ပေးဖို့ စတာတွေ ပါဝင်ပါတယ်။
ဒါ့အပြင် အဲဒီဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ ဝင်တွေကို လူ့အခွင့်အရေးနဲ့ ပတ်သတ်တဲ့ သင်တန်းတွေ ပို့ချဖို့၊ ရဲတပ်ဖွဲ့နဲ့ ဒေသခံတွေ လိုက်ရောညီထွေရှိဖို့၊ အဲဒီဒေသမှာရှိနေတဲ့သူတွေကို နိုင်ငံသားအဖြစ် သတ်မှတ်ပေး ဖို့နဲ့ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်ပေးဖို့၊ အဲဒီဒေသက တိုင်ကြားမှုတွေကို သေချာဖြေရှင်းပေးဖို့၊ အိုးပစ်အိမ်ပစ်ဖြစ်နေ တဲ့ ဒုက္ခသည်စခန်းသုံးခုကို ပိတ်သိမ်းပြီး အဲဒီစခန်းတွေမှာ နေထိုင်သူတွေကို ပြန်လည်နေရာချထားပေးဖို့ အစရှိတဲ့အချက်တွေလည်း ပါဝင်ပါတယ်။
ဒီကြားဖြတ်အစီရင်ခံစာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့နဲ့ တပ်မတော်ထံ တင်ပြထားတယ်လို့လည်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့က ပြောပါတယ်။
ကော်မရှင်ရဲ့ အစီရင်ခံစာတင်ပြချက်တွေအပေါ် သဘောထားအမြင်တူညီကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်မှာ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရလာနိုင်မယ်လို့ မျှော်လင့်ကြောင်း လည်း နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ ထုတ်ပြန်ချက်မှာပါ ရှိပါတယ်။









