ရခိုင်ပြည်နယ်က ဒုက္ခသည် စခန်းတွေကို ဖျက်သိမ်း ဖု့ိ ကော်မရှင်ပြောကြား


2017.03.17
rakhine-state-commission-press-620.jpg ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဟာ ကြားဖြတ်အစီရင်ခံစာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်မှာ မတ်လ ၁၆ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: Thiha Tun/RFA

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကို အမြန်ဆုံးဖျက်သိမ်းပစ်ဖို့နဲ့ အဲဒီစခန်းတွေမှာ ၂ဝ၁၂ ခုနှစ် ပဋိပက္ခတွေ ပြီးကတည်းက ခိုလှုံနေထိုင်ခဲ့ကြသူတွေကို ပြန်လည်နေရာချထားပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်က ရန်ကုန်မြို့မှာ မနေ့က သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ ၅ နှစ်ကြာ နေထိုင်ကြရတဲ့ အဲဒီ ရိုဟင်ဂျာ မွတ်စလင် ၁ သိန်း ၂ သောင်းကျော်ကို လုံခြုံစိတ်ချစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်အောင် စီစဉ်ပေးဖို့လည်း အကြံပေးကော်မရှင် ရဲ့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် သူတို့ကို ဥပဒေနဲ့အညီ နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး လွတ်လပ်စွာသွားလာခွင့်ပြုဖို့ လိုကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ပြောကြား လိုက်ပါတယ်။

တဆက်တည်းမှာပဲ ရခိုင်ပြည်နယ် မြောက်ပိုင်းကို အပြည်ပြည်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ နဲ့ သတင်းသမားတွေ လွတ်လပ်စွာသွားလာခွင့်ပြုဖို့လည်း အကြံပေးကော်မရှင်က ထောက်ခံတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ အကြမ်းဖက်မှုတွေနဲ့ အဲဒီနောက်ပိုင်း ရိုဟင်ဂျာတွေကို အစိုးရလုံခြုံရေးတပ်ဖွဲ့တွေ က နှိပ်စက်ညှဉ်းပန်း အဓမ္မပြုကျင့်ခဲ့မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့လည်း မြန်မာ အစိုးရအနေနဲ့ တာဝန်ရှိသူတွေကို ထိရောက်စွာ အရေးယူအပြစ်ပေးဖို့လိုကြောင်း ကော်မရှင်က ပြောပါတယ်။ ဒါပေမဲ့ ကိုဖီအာနန်အဖွဲ့ရဲ့ အခုအစီရင်ခံစာမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ယန်ဟီးလီ ပြောကြားတင်ပြထားသလို နိုင်ငံတကာ စုံစမ်းရေးကော်မရှင်တစ်ခု ဖွဲ့စည်းစစ်ဆေးဖို့ တောင်းဆိုတဲ့ အချက်တော့ ပါဝင်ခြင်းမရှိဘူးလို့ သိရပါတယ်။

ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က သူတို့လေ့လာတွေ့ရှိချက်တွေနဲ့ အကြံပြု ချက်တွေပါဝင်တဲ့ အစီရင်ခံစာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်ရာ အစိုးရခေါင်းဆောင်တွေထံ ပေးပို့ခဲ့ပြီးဖြစ်ပါတယ်။ ဒီအတောအတွင်း ဂျနီဗာမြို့က နောက်ဆုံးလာတဲ့ သတင်းအရ ဥရောပနိုင်ငံများအဖွဲ့ EU က မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေအတွက် နိုင်ငံတကာစုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ ထောက်ခံတင်ပြလိုက်ပါပြီ။ ဒါဟာ အရင်ရက်ပိုင်းကထွက်ပေါ်ခဲ့တဲ့ EU တင်ပြချက်နဲ့ ကွဲလွဲပါတယ်။

ရခိုင်ပြည်နယ်ပြဿနာ ဖြေရှင်းရေးအတွက် ဗြိတိန်နိုင်ငံရဲ့ တင်ပြချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒီကနေ့ သောကြာနေ့ ဆွေးနွေးမယ်လို့လည်း သတင်းရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။