ရခိုင်ပြည်နယ်မှာ လေဘေး ကာကွယ်ရေး အစီအစဉ်တွေစတင်


2013.05.12
မေလ ၁၃ ရက်နေ့က မဟာဆန် မုန်တိုင်းရန်ကို ကာကွယ်ဖို့အတွက် မောင်တောခရိုင်၊ရွှေရင်အေးကျေးရွာသို့ နစကတပ်ဖွဲ့မှုးက သွားရောက်ညွှန်ကြားနေစဉ်။
Photo:RFA

လာမယ့် မေလ ၁၆ ရက်နေ့မှာ ရခိုင်ပြည်နယ်၊ မောင်တောဒေသကို ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားတဲ့ မဟာဆန် (Mahasen) အမည်ရ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်ကြောင့် ဒီကနေ့ကစတင်ပြီး မောင်တောမြို့မှာ ကယ်ဆယ်ရေး အစီအစဉ်တွေ စတင်ဆောင်ရွက်နေပါတယ်။

အလားတူ စစ်တွေမြို့အပါအဝင် ပင်လယ်ကမ်းရိုးတန်းတလျှောက်မှာရှိတဲ့မြို့တွေက ဒုက္ခသည်စခန်းတွေကို ဒီကနေ့မနက်ပိုင်းက ကုန်းတွင်းပိုင်းနေရာတွေကို စတင်ရွှေ့ပြောင်းပေးနေပြီလို့ ဒေသဆိုင်ရာ အရာရှိတွေက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ကြိုတင်ပြင်ဆင်မှု အခြေအနေနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီအဖွဲ့ဝင် ဦးမျိုးသန်းက RFA ကို အခုလို ပြောပါတယ်။

"တကယ်လို့ မုန်တိုင်းဝင်လာရင် ဘယ်နားကိုရွေ့မယ်၊ ဘယ်လိုလမ်းကြောင်းက သွားမယ်၊ အဓိကကတော့ စစ်တွေပေါ့လေ၊ စစ်တွေမှာ ဒုက္ခသည်စခန်း ၁၁ ခုရှိတာပေါ့လေ၊ ၁၁ ခုထဲက ပင်လယ်နဲ့နီးတဲ့ ဒုက္ခသည်စခန်းတွေကို ကုန်းတွင်းပိုင်းကို ဒီကနေ့စရွှေ့မှာပေါ့လေ"

ပြည်နယ်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ထဲက မြို့တွေအားလုံးမှာ မုန်တိုင်းသတိပေးချက်တွေကို အချိန်နဲ့တပြေးညီ အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာပေးနေပြီး ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေကိုလည်း မုန်တိုင်းသတိပေးချက်တွေကို အလေးထားလိုက်နာကြဖို့ သတိပေးနှိုးဆော်ထားကြောင်းသိရပါတယ်။

ဒီကနေ့မှာပဲ မောင်တောခရိုင်အုပ်ချုပ်ရေးက ကူညီကယ်ဆယ်ရေး၊ ဒဏ်ရာရသူတွေကို ပြုစုကုသရေး၊ ဆက်သွယ်ရေးစတဲ့ ကော်မတီငယ် ၁၁ ခုကို ဒီနေ့ဖွဲ့စည်းလိုက်ပြီး မောင်တောမြို့အတွင်းက  လေးမိုင်ဘုန်းကြီးကျောင်း၊ နှစ်မိုင်ဘုန်းကြီးကျောင်းနဲ့ အထကကျောင်းတွေကို မုန်တိုင်းဒဏ် ခိုလှုံမယ့်နေရာတွေအဖြစ် ရွေးချယ်ထားကြောင်းသိရပါတယ်။

ကျောက်ဖြူခရိုင်မှာလည်း  မုန်တိုင်းရန်ကာကွယ်ဖို့အတွက် မြို့နယ်နဲ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေ အရေးပေါ် အစည်းအဝေးတစ်ရပ် မနေ့က ကျင်းပခဲ့ပြီး လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုအစီအစဉ်တွေကို ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။