ဆန္ဒပြ စစ်တွေကျောင်းသား လေးဦး နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စွဲဆိုခံရ

နီမင်းထွန်း
2020.10.20

ရခိုင်ပြည်နယ်မှာ စစ်တွေမြို့မှာ မနေ့က နေ့လယ်ပိုင်း အစိုးရနဲ့ စစ်တပ်ကို ဝေဖန်ထောက်ပြ ဆိုင်းဘုတ်တွေ ကိုင်ပြီး ဆန္ဒပြတောင်းဆိုလို့ ဖမ်းဆီးခံခဲ့ရတဲ့ ရခိုင်ကျောင်းသားသမဂ္ဂက ကျောင်းသား သုံးဦးနဲ့ ပူးပေါင်းဝန်းရံသူ တစ်ဦးဟာ ဒီနေ့မှာ နိုင်ငံတော် အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲ ခံလိုက်ရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဘေးကြောင့် အရပ်သားတွေ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာတွေနဲ့ ပတ်သက်လို့ အစိုးရနဲ့ စစ်တပ်ကို ဝေဖန်ထောက်ပြတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒပြတောင်းဆိုလို့ မနေ့က ဖမ်းဆီးခံရတဲ့ ကျောင်းသား သုံးဦးနဲ့ ပူးပေါင်းဝန်းရံသူတစ်ဦးကို ဒီနေ့မှာ နိုင်ငံတော် အကြည်အညိုပျက်စေမှု ဥပဒေပုဒ် ၅၀၅ (ခ) နဲ့ ရဲတပ်ဖွဲ့က စစ်တွေမြို့နယ် တရားရုံးမှာ တရားစွဲတင်လိုက်ပါတယ်။ အခုလက်ရှိ အဲဒီကျောင်းသား သုံးဦးနဲ့ ပူးပေါင်းဝန်းရံသူ တစ်ဦးကို ချုပ်ရမန် ၁၄ ရက်ယူပြီး စစ်တွေ အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။  

အခုသူတို့ကို စွဲချက်တင်တဲ့ နိုင်ငံတော် အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မဟာ အာမခံမရတဲ့ အမှုဖြစ်လို့ တရားရုံးက ချုပ်ရမန်ပေးပြီး စစ်တွေ အကျဉ်းထောင်ကို ပို့ဆောင်လိုက်တာလို့ အဲဒီအမှုကို လိုက်ပါဆောင်ရွက် ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောပါတယ်။

“ဒီနဲ့စွဲတင်တာက တရားခံ ကျော်နိုင်ဌေးရယ်၊ ဦးသန်းနိုင် နောက်ပြီးတော့ မြတ်စိုးဝင်း ပြီးတော့ ကောင်းထွန်း လေးယောက်ပေါ့နော်။ အဲဒီ လေးယောက်ကိုကျတော့ ရဲမှူး ဇော်နိုင်က တရားလိုပြုလုပ်ပြီးတော့ ၅၀၅ (ခ) နဲ့ ဒီနေ့ပဲ တရားစွဲတယ်။ ၅၀၅(ခ)ကို ဦးတိုက်စွဲဆိုရတဲ့အမှုမျိုးပါ။ အဲဒါကြောင့် ရဲမှူး ဇော်နိုင်က အမှုကို ဦးတိုက်စွဲဆိုလာတာဖြစ်တယ်။ အာမခံမပေးနိုင်တဲ့ အမှုဖြစ်တာကြောင့် တရားရုံးက ချုပ်ရမန်ပေးပြီးတော့ စစ်တွေအကျည်း ထောင်ကိုပို့လိုက်တယ်”

သူတို့ဟာ အောက်တိုဘာ ၁၉ ရက် မနေ့ကနေ့လယ်ပိုင်းမှာ အစိုးရ အလိုမရှိ၊ စစ်တပ်အလိုမရှိ စတဲ့ ဆိုင်းဘုတ်တွေအပြင် တခြားစစ်တပ်နဲ့ အစိုးရကို ဝေဖန်ထောက်ပြတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး လူဦးရေ တစ်ရာလောက်နဲ့ စစ်တွေမြို့လမ်းတလျှောက် ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

အဲဒီလို ဆန္ဒပြတောင်းဆိုနေစဉ်အတွင်းမှာပဲ သူတို့ လေးယောက်ကို ရဲအင်အား ၁၀ ယောက်လောက်က ဖမ်းဆီးသွားတာဖြစ်ပါတယ်။

အခု တရားစွဲခံရတဲ့အထဲမှာပါဝင်တဲ့ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂက ကိုဦးသန်းနိုင်နဲ့ ကိုကျော်နိုင်ဌေး တို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ကလည်း အခုလိုပဲ ရခိုင်ပြည်နယ်အစိုးရရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့လို့ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့် ခံထားရတာပါ။

သူတို့နှစ်ဦးကတော့ လာမယ့် နိုဝင်ဘာ ၃ ရက်နေ့မှာ အမှုနှစ်ခုကို တပြိုင်တည်း ရင်ရတော့မှာ ဖြစ်ပါတယ်။

ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂက ကိုတိုးတိုးအောင်ကတော့ ရခိုင်မှာတိုက်ပွဲကြောင့် အရပ်သားတွေ သေဆုံးနေရတာကြောင့် စစ်အရှိန်လျှော့ဖို့ တောင်းဆိုတာကို အခုလို ဖမ်းဆီးထောင်ထဲထည့်တာဟာ ဘယ်လိုမှမဖြစ်သင့်ဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ ညကဆန္ဒပြတဲ့နေ့တွေမှာတောင် ရသေ့တောင်ဘက်မှာ ကျောင်းဆရာ သေသွားတယ်။ ဒါဟာ အစိုးရဝန်ထမ်း။ လက်နက်ကြီးကျလို့ သေသွားတာ။ နောက်ပြီးတော့ မြောက်ဦးမှာ အသက် မပြည့်သေးတဲ့ ကလေးတွေ သေသွားတယ်။ ဒါက ရှင်းနေတာပဲ။ နေ့စဉ်နဲ့အမျှ လူတစ်ယောက် သေတယ်။ နှစ်ယောက် သေတယ်။ မဟုတ်ရင် ဒဏ်ရာရတယ်။ ဒီလောက်ဖြစ်နေတဲ့ အခြေအနေမျိုးမှာ ကျွန်တော်တို့က စစ်ရှိန်တွေ လျှော့ဖို့တောင်းဆိုတာ။ ကျွန်တော်တို့က ငြိမ်းချမ်းဖြေရှင်းဖို့ တောင်းဆိုတာ။ ဒီလိုတောင်းဆိုတဲ့ သူတွေကို ထောင်ထဲကို ကောက်သွင်းလိုက်တာဟာ အစိုးရကိုယ်တိုင်က ငြိမ်းချမ်းရေးကို မလိုလားလို့ လုပ်နေတယ်လို့ပဲ ကျွန်တော်တို့မြင်တယ်”

ရက္ခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂက ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုခိုင်စိုးလင်းကလည်း ကျောင်းသား တွေအနေနဲ့ခုလို ဆန္ဒထုတ်ဖော်တာကို အစိုးရက အခုလိုလုပ်တာဟာ အစိုးရက ရခိုင်ပြည်နယ်ကို သတင်းအမှောင် ချနေတာဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ နေ့စဉ်နဲ့အမျှ အရပ်သားပြည်သူတွေဟာ စစ်တပ်ရဲ့ ရမ်းသန်းပစ်ခတ်မှု တွေကြောင့် နေ့စဉ်နဲ့အမျှ သေဆုံးနေရပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ကျောင်းသားတွေအနေနဲ့ ပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ ပြည်သူတွေကိုယ်စား ဆန္ဒထုတ်ဖော်တာကို သူတို့အနေနဲ့ အခုလို အကြမ်း ဖက်ပြီးတော့ ဖြိုခွင်းတယ်ဆိုတာက ကျွန်တော်တို့ ရခိုင်ပြည်ရဲ့အခြေအနေကို ကမ္ဘာက မသိစေချင်လို့၊ အရင်ကတည်းကလည်း ကျွန်တော်တို့ ရခိုင်ပြည်ကို အင်တာနက်ဖြတ်တောက်ထားတာတွေရှိတယ်။ သတင်းအမှောင်ချပြီးတော့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်းတာပေါ့နော်”

ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ(ACDD) အဖွဲ့က မသဉ္ဇာရွှန်းလဲ့ရည်က စစ်ပွဲတွေကို ဆန့်ကျင်ဆန္ဒပြတဲ့ ကျောင်းသားတွေကို အစိုးရက ဖိနှိပ်တာတွေကို ရပ်တန့်ဖို့လိုကြောင်း ပြောပါတယ်။

“ဗကသကျောင်းသားတွေ စစ်ပွဲဆန့်ကျင်သူတွေကို ဖိနှိပ်တယ်လို့ မြင်တယ်။ သူတို့က လက်နက်ကိုင်တဲ့ လူတွေ မဟုတ်ဘူး။ ငြိမ်းချမ်းစွာနဲ့ သူတို့ဆန္ဒသဘောထားကို ဖွဲ့စည်းပုံနဲ့အညီ ထုတ်ဖော်ဆန္ဒပြကြတာ။ ဒီလိုဆန္ဒဖော်ထုတ်တဲ့အခါမှာလည်း အရမ်းပြင်းထန်တဲ့ ပုဒ်မတွေတပ်တာ ကျမတို့မြင်ရတော့ လက်ရှိအစိုးရတွေ အာဏာပိုင်တွေက ဒီကျောင်းသားတွေကို ဘာလုပ်စေချင်တာလဲဆိုတဲ့ မေးခွန်းတွေ ဖြစ်စေတယ်။ လူငယ်တွေက ရခိုင်ပြည်နယ်မှာဆိုရင် ချောင်ပိတ်မိသလို ခံစားရတယ်။ လမ်းပေါ်မှာ သူတို့က လွတ်လပ်စွာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်မရှိရင် ကျမမြင်တာ ဒီလူငယ်တွေက လက်နက်ကိုင်လမ်းစဉ်ကို ရွေးကြလိမ့်မယ်။ ဒါမျိုးကို ၁၉၈၈ တုန်းကလည်း ကြုံခဲ့ရပြီးဖြစ်တယ်။ ဒီလိုမျိုး အဆိုးကျော့သံသရာတွေ မကြုံစေချင်ဘူး။ ဒီဖြစ်ရပ်တွေကို ကိုယ်တိုင်ကြုံတေ့ွခဲ့ရတဲ့ NLD အစိုးရ ခေါင်းဆောင်ဖြစ်နေတဲ့အချိန်မှာ ကိုယ်ချင်းစာပြီး တရားစွဲတာတွေကို ဖြေလျော့ဖို့ ကြားဝင်ဖြေရှင်းသင့်တယ်လို့ မြင်တယ်။ ပြီးတော့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ အနည်းဆုံးတော့ ရခိုင်ပြည်သူတွေဘက်ကနေ ရပ်ခံပြီး အလွန်အကျူးမဖြစ်အောင် ပြောဆိုတာမျိုး လက်ရှိအစိုးရမှာ တာဝန်ရှိတယ်လို့ တိုက်တွန်းပါရစေ”

ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်နဲ့ စစ်တွေအမှတ်(၁)ရဲစခန်းကို RFA ကဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာဖြေကြားတာ မရှိပါဘူး။

မြန်မာတစ်နိုင်ငံလုံးမှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားခဲ့လို့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ၁၅ ယောက်ရှိတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အရေးယူခံထားရတာဖြစ်ပြီး မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ မုံရွာခရိုင်ကျောင်းသားများသမဂ္ဂ၊ ရတနာပုံ က္ကသိုလ်ကျောင်းသားများသမဂ္ဂ အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်သားသမဂ္ဂ(၇)ခုက အဖွဲ့ဝင်တွေ ဖြစ်တယ်လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။